
၀ါရင့်အရက်ချက်သူ (သို့) တိုဂျိ အိမိ မာရှီဒါကို ဂျပန်နိုင်ငံ ဂွမ်မာဒေသရှိ နှစ်ပေါင်း ၁၃၀ သက်တမ်းရှိပြီဖြစ်သော မာရှီဒါ အရက်ချက်ရုံတွင် တွေ့ရစဉ်။ သူမ၏ ညွှန်ကြားမှုအောက်တွင် သူမမိသားစု မျိုးရိုးစဉ်ဆက် ချက်လုပ်လာခဲ့သော အထူး ဆာကေးမှာ တစ်နှစ်တာ ဂျပန်ဆာကေးဆုကို ၇ ကြိမ်တိုင်အောင် ဆွတ်ခူးခဲ့ပြီး ဖြစ်သည်။ ဓါတ်ပုံ – နာအိုမီ ဂျင်ဂိုးလ်ဒ် (Public Radio International PRI ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။)
The World အတွက် နာအိုမီ ဂျင်ဂိုးလ်ဒ် ရေးသားသော ဤ ဆောင်းပါးနှင့် ရေဒီယိုသတင်းကို PRI.org တွင် ၂၀၁၅ စက်တင်ဘာ ၁၁ ရက်နေ့က စတင် ဖော်ပြခဲ့ပြီး ဤဆိုဒ်တွင် သတင်းမျှဝေမှု သဘောတူညီချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
နှစ်ပေါင်းများစွာတိုင် ဂျပန်နိုင်ငံ၏ ဆာကေးချက်လုပ်မှုလောကသည် ကိုယ်တိုင် ချက်လုပ်ခြင်းမပြုသော အရက်ချက်ရုံပိုင်ရှင်များနှင့် ဆောင်းရာသီအရက်ချက်ချိန်တွင်သာ အရက်ပေါင်းခံရုံများတွင် လာရောက်နေထိုင်ကြပြီး ကျန်အချိန်တွင် အိမ်ပြန်တတ်ကြသည့် တိုဂျိ ခေါ် ရွှေ့ပြောင်း အရက်ချက်သမားများသာရှိသော နယ်ပယ်တစ်ခုဖြစ်ခဲ့သည်။
သို့သော် ဤနယ်ပယ်မှာ တဖြည်းဖြည်း ကျဆင်းလာနေသည်။ ဆာကေးသောက်သုံးသူ အရေအတွက်များ ကျဆင်းလာသကဲ့သို့ ဆာကေးချက်လုပ်သူ အရေအတွက်မှာလည်း ၁၉၇၀ ပြည့်နှစ်များဆီက ရှိခဲ့သည့် အရေအတွက်၏ ထက်ဝက်အထိ လျော့ကျလာခဲ့သည်။ ၀ါရင့်အရက်ချက်လုပ်သူများအနေဖြင့် အသက်အရွယ် ကြီးရင့်လာကြပြီဖြစ်ပြီး သောက်သုံးသူအသစ်နှင့် ငယ်ရွယ်သော သောက်သုံးသူများကို ဆွဲဆောင်ရန် ၄င်းတို့၏အလေ့အထများကို မပြောင်းလဲ လိုကြချေ။
ဂျပန်နိုင်ငံ ဂွမ်မာဒေသရှိ မာရှီဒါ အရက်ချက်ရုံမှ ၀ါရင့်အရက်ချက်သူ (သို့) တိုဂျိ အိမိ မာရှီဒါ က `ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ ပိုင်ရှင်ကိုယ်တိုင်ချက်လုပ်တဲ့ အရက်ချက်ရုံတစ်ခုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်အမှန်တစ်ကယ် ချက်လုပ်ချင်ပြီး သောက်သုံးချင်တဲ့ ဆာကေးကို ချက်ကြမယ် ဆိုပြီးတော့ပေါ့။ အဲ့ဒါကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကျွန်မတို့ ရွှေ့ပြောင်း အရက်ချက်သူတွေကို အသုံးမပြုတော့ဘူး` ဟုပြောသည်။
သူမ၏မျိုးရိုးစဉ်ဆက်တစ်လျှောက် ထိုအရက်ချက်ရုံကို ပိုင်ဆိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီဖြစ်သော်လည်း သူမသည် မိသားစု၏ ပထမဆုံးသော တိုဂျိ ဖြစ်သည်။
မာရှီဒါသည် အရှိန်မြှင့်လာနေသော ဂျပန်နိုင်ငံ၏ ပိုင်ရှင်ကိုယ်တိုင်ချက်လုုပ်သည့် အရက်ချက်ရုံများ လှုပ်ရှားမှုတွင် ရှေ့တန်းမှ ရပ်တည်နေသည်။ အမျိုးသားများအတွက်သာဖြစ်ခဲ့သော နယ်ပယ်တွင် လူနည်းစု အမျိုးသမီး တိုဂျိများထဲမှ တစ်ယောက်အပါအဝင်ဖြစ်နေခြင်းကလည်း မာရှီဒါကို ပို၍ ထူးခြားစေခဲ့သည်။
ရှေးခေတ်ကာလများတုန်းက ဆာကေးချက်လုပ်ခြင်းသည် အမှန်တကယ်တွင် အမျိုးသမီးများ၏ လက်မှုပညာတစ်ရပ်ဖြစ်ခဲ့သည်ဟု တစ်ချို့ကပြောကြသည်။ ထိုမျှမက တိုဂျိ ဟူသော စကားလုံးကို ရှေးကအက္ခရာများနှင့် ရေးသားကြည့်လျှင် အမှန်ပင် အမျိုးသမီး ဟု အဓိပ္ပါယ်ရပေသည်။

မာရှီဒါ အရက်ချက်ရုံ၏ ဆုရ ဆာကေးကို ခင်းကျင်း ပြသထားသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ – နာအိုမီ ဂျင်ဂိုးလ်ဒ် (Public Radio International PRI ၏ ခွင့်ပြုချက်ဖြင့် အသုုံးပြုသည်။)
မာရှီဒါ၏ အဘိုးဖြစ်သူ အရက်ချက်ရုံကို ဦးစီးခဲ့သည့် ကာလတုန်းကမူ `အမျိုးသမီးတွေကို ညစ်ပတ်တယ်၊ မသန့်ရှင်းဘူးလို့ ယူဆကြတဲ့အတွက် အမျိုးသမီးတွေဟာ အထွတ်အမြတ်ထားတဲ့ အရက်ချက်ရုံတွေထဲကို ၀င်ခွင့်မရှိခဲ့ဘူး` ဟု မာရှီဒါက ပြောပြသည်။
ဂျပန်နိုင်ငံတွင် ဆာကေးကို မကြာခဏဆိုသလို ဘာသာရေးဆိုင်ရာ ထုံးတမ်းဓလေ့ အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပြီး မာရှီဒါ အရက်ချက်ရုံသည်လည်း အခြား အားလုံးနီးပါးသော ဆာကေး အရက်ချက်ရုံများကဲ့သို့ ရှင်းတို ဘုန်းကြီးတစ်ပါးမှ ကောင်းချီးပေးခံထားရပြီး အထွတ်အမြတ်ထားသော ရှင်းတို ကြိုးများဖြင့် အလှဆင်ထားသည်။
မိမိကြီးပြင်းလာလျှင် ဆာကေးချက်လုပ်သူတစ်ယောက်ဖြစ်လာမည်ဟု မာရှီဒါ ဘယ်တုန်းကမှ မျှော်မှန်းမထားခဲ့ပါ။ တိုကျိုတွင် သူမ ကောလိပ်တက်ရောက်ခဲ့သော်လည်း အခြားသော အမျိုးသမီးများစွာနည်းတူ လက်ဖက်ရည် ယူဆောင်ပေးခြင်းနှင့် မိတ္တူကူးရခြင်းတို့သာ လုပ်ရသော တက်လမ်းမရှိသည့် အသက်မွေးဝမ်းကြောင်းလမ်းပေါ်သို့ ရောက်ခဲ့ရသည်။ ဂွမ်မာသို့ ပြန်ပြီး မိသားစုစီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် စိတ်ကူးကိုလည်း အကြီးဆုံး သမီးဖြစ်သည့်အလျောက် သူမှာ အမြဲတစေတွေးတော စိတ်ကူးခဲ့သည်။
သူမ တိုဂျိ အဖြစ် စတင်လုပ်ဆောင်စဉ်က ချောချောမွေ့မွေ့တော့ မဟုတ်ခဲ့ပါ။ အားလုံး အမျိုးသားများဖြစ်သော သူမ၏ အလုပ်သမားများက သူမကို နားမထောင်ကြပေ။
`ဒါကို ဒီမှာ ထားလိုက်ပါလို့ ကျွန်မကပြောရင် သူတို့က အခြားတစ်နေရာမှာ သွားထား လိမ့်မယ်။ ကျွန်မခိုင်းတဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး` ဟု သူမက ပြောပြသည်။` နောက်ဆုံးမှာတော့ အားလုံး ၅ နာရီထိုးလို့ ပြန်ကြတဲ့အချိန်မှာ ကျွန်မတစ်ယောက်တည်း ညနက်သန်းခေါင်အထိ အစအဆုံး ပြန်လုပ်ရတော့ တာပါပဲ။`
၀ါရင့်မဟုတ်သော၊ အထူးသဖြင့် အမျိုးသား မဟုတ်သော အရက်ချက်သူထံမှ ဆာကေးကို မဝယ်လိုပါဟု ပြောကြသော သောက်သုံးသူအများအပြားရှိသည်ဟုလည်း သူမကြားသိခဲ့ရသည်။
ယခုတွင်မူ ထိုသို့သော အပြောများကိုသူမ မကြားရတော့။ လွန်ခဲ့သော ၁၀နှစ်က သူမ တိုဂျိအဖြစ် တာဝန်ပြောင်းယူခဲ့ချိန်မှစ၍ မာရှီဒါ အရက်ချက်ရုံ၏ အထူး ဆာကေးသည် တစ်နှစ်တာ ဂျပန် ဆာကေးဆုများ ချီးမြှင့်ပွဲတွင် ရွှေတံဆိပ်ကို ၇ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီဖြစ်သည်။ သူမအရင် တိုဂျိလက်ထက်က ဤအဖြစ်မျိုး လုံးဝ မရှိခဲ့ပါ။
ဆာကေးချက်လုပ်ရန် ဆန်၏ အပြင်အလွှာကို တိုက်ချွတ် ပစ်ရသည်၊ မည်မျှလောက် တိုက်ချွတ်ပစ်လိုက်သည်က မည်မျှထူးကဲသော ဆာကေးရမည်ကို ဆုံးဖြတ်ရာတွင် အဓိကကျသည်။ ထို့နောက် ဆန်ကိုဆေးရသည်၊ ပေါင်းရသည်၊ ပြီး (အတိုချုံးပြောရလျှင်) အချဉ်ဖောက်ရသည်။
အသေးအဖွဲလေးများကအစ အလွန်အရေးပါပါသည် – မည်သည့်ဆန်ကို အသုံးပြုသည်၊ မည်သည့်ရေမျိုးကို အသုံးပြုသည်၊ အပူချိန်ကို ဘယ်နှစ်ကြိမ်နှင့် ဘယ်အဆင့် (သို့) အသေးစိတ်အဆင့်များတွင် ညှိသည် စသဖြင့် အားလုံး အကျုံးဝင်သည်။
ဆာကေး တစ်စည် ချက်လုပ်ရန် အချိန် ၄၅ ရက်ခန့် ကြာပါသည်။
ယနေ့အထိ ၀ါရင့်ချက်လုပ်သူ တစ်ယောက်ဖြစ်သည့် မာရှီဒါသည် အလုပ်သမားများနှင့် ပစ္စည်းကိရိယာများကို ကြပ်မတ်ရုံ၊ ဆာကေးကို မြည်းကြည့်ရုံမျှသာ မလုပ်ပဲ ပထမနေ့မှစ၍ သိုလှောင်ရုံတွင် တန်ပေါင်းများစွာသော ဆန်အိတ်များသယ်ယူခြင်း၊ အပူချိန် ၁၀၀ ဒီဂရီအထက်ရှိသော အခန်းတွင် နှစ်ရက်၊ နှစ်ညဖြစ်စေ သွားရောက်၍ အချဉ်ဖောက်ခြင်း၊ ပေါင် ၃၀ခန့် လေးသော ရေပုံးများကိုရှည်လျားလှသော လှေကားတစ်လျှောက် တက်လိုက်ဆင်းလိုက် သယ်ယူခြင်း၊ ကြီးမားလှသော ၃၀၀၀ မှ ၆၀၀၀ လီတာဆန့် စည်ကြီးများအပြည့် အချဉ်ပေါက်နေသော ဆန်များကို မွှေခြင်း စသည်တို့ကို လုပ်ကိုင်ရသည်။
ခါးကျိုးအောင်လုပ်ရသည့် အလုပ်များပင်ဖြစ်တော့သည်။
ဤအရက်ချက်ခြင်း အနုပညာကို လေ့လာသင်ယူရန် မာရှိဒါသည် သက်ကြီး အရက်ချက်သူများထံမှနှင့် စာအုပ်စာပေများထဲမှ သင်ယူ လေ့လာခဲ့သည်။ `ကျွန်မအခုုအချိန်ထိ သင်ယူနေတုန်းပါ။ ဒါပေမဲ့ အရေးအကြီးဆုံး နဲ့ မရှိမဖြစ် လိုအပ်တာကတော့ ကိုယ်ကြိုက်ပြီးတော့ သောက်ချင်တဲ့ အရာဖြစ်အောင် ပြုလုုပ်ရမယ်ဆိုတာပါပဲ` ဟု သူမက ပြောသည်။
ရှေးက ဓလေ့ထုံးစံများအပေါ် သူမ လေးစားသော်လည်း နည်းလမ်းအသစ်များနှင့် စမ်းသပ်ကြည့်ရန်လည်း အရေးကြီးသည်ဟု သူမ ယုံကြည်သည်။
အခြား တိုဂျိများနှင့်အတူ လစဉ် လေ့လာဆွေးနွေးပွဲများသို့ သူမသွားရောက်လေ့ရှိပြီး `ကူရာ ဂျိုစေ နိုကိုင်` ဟုခေါ်သော အမျိုးသမီးများ၏ ဆာကေးအဖွဲ့တွင်လည်း ပါ၀င်ထားသည်။
သူတို့၏၊ အထူးသဖြင့် အခြားသော အမျိုးသမီး တို့ဂျိများ၏ အားပေးကူညီမှုများက အဓိကကျခဲ့သည်ဟု သူမကပြောသည်။

အမျိုးသမီး တိုဂျိများ (သို့) ၀ါရင့် အရက်ချက်သူများ ကို ၂၀၁၄ ကူရာ ဂျိုစေ တွေ့ဆုံပွဲ၊ ဂျပန် အမျိုးသမီး၏ ဆာကေး အဖွဲ့ တွင် တွေ့ရစဉ် ။ ဓါတ်ပုံ – ဂျပန် အမျိုးသမီးများ၏ ဆာကေးအဖွဲ့ (Public Radio International PRI ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။
ယခုအခါတွင် ဂျပန်နိုင်ငံတစ်ဝှမ်း အမျိုးသမီး တိုဂျိ ၂၀ ၀န်းကျင်ခန့်ရှိလာပြီဖြစ်ပြီး မာရှီဒါအနေဖြင့်လည်း အဆိုပါ အမျိုးသမီး တိုဂျိ များနှင့် မကြာခဏ တွေ့ဆုံပွဲများ ပြုလုပ် ဖြစ်သည်။
ဤ ဆာကေးစီးပွားရေးလောကမျိုးတွင် အမျိုးသမီးတစ်ဦး ဖြစ်ရခြင်းသည်လည်း အကျိုးရှိနိုင်ပါသည်ဟု သူမက ထောက်ပြသည်။ အများနှင့်မတူ၊ ထူးခြားသောကြောင့် တစ်ခါတစ်ရံတွင် မီဒီယာနှင့် သောက်သုံးသူများက ပို၍ အာရုံစိုက်တတ်ကြသည်။ တစ်ခါတစ်ရံတွင် သက်ကြီး အမျိုးသား အရက်ချက်သူများက သူမတို့ကို ပို၍ သင်ကြားပေးလိုကြသည်။
ထိုထက်အရေးအကြီးဆုံးမှာ ယခုဆိုလျှင် မာရှီဒါကို သူမ၏ အရသာထူးကဲလှသော ဆာကေးကြောင့် လေးစားမှုရှိလာကြခြင်းပင် ဖြစ်သည်။
ဟုတ်ပါသည်။ ဤဆောင်းပါးမှတစ်ဆင့် သူမ၏ ဆာကေးအား သင်အရသာမခံနိုင်သည်မှာ ၀မ်းနည်းစရာတော့ ဖြစ်သည်။ သို့သော် တိုကျိုနှင့် ဂျပန်နိုင်ငံ ဒေသ အတော်များများတွင် သူမ၏ဆာကေးကို သင်ရှာတွေ့နိုင်ပါသည်။ နောင်တစ်ချိန်တွင်မူ သူမ၏ ဆာကေးများကို ပြည်ပတွင်လည်း ရောင်းချချင် ရောင်းချနေပါလိမ့်မည်။
`အဲ့ဒါ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်ပဲ` ဟု သူမက ပြောသည်။