ဤစာပုဒ်သည် အခွင့်အရေးတက်ကြွလှုပ်ရှားသူ နှင့် ဘလော့ဂါ ဖြစ်သူ မာဆယ် ရှေဝါရို (Marcell Shehwaro) ရေးသားသော အထူး ဆောင်းပါးအတွဲထဲမှ တစ်ပုဒ်ဖြစ်ပါသည်။ သူ၏ ဆောင်းပါးများသည် ဆီးရီးယား၏ လက်ရှိ အစိုးရစနစ်အပေါ် သစ္စာခံများနှင့် ၎င်းအစိုးကို ဖြုတ်ချလိုသူများ အကြား ဆက်လက် ဖြစ်ပေါ်နေသည့် ပဋိပက္ခ ကာလအတွင်း ဆီးရီးယားတွင် နေထိုင်ရသော ဘ၀၏ ဒိဋ္ဌဖြစ်ရပ်များကို ဖော်ပြထားပါသည်။
တကယ့်ကို သာမာန်မျှသာဖြစ်သော နေ့တစ်နေ့မှာ ဒုန်းစိုင်းကြဲနေသော ဗုံးများနှင့် သေဆုံးမှုများမှ ဝေးရာတစ်နေရာဖြစ်သော တူရကီ၌ မိတ်ဆွေတစ်ဦးနှင့် နေ့လည်စာ အတူစားသုံးနေသော်လည်း၊ အလက်ပိုမြို့ သေအံ့ဆဲဆဲဖြစ်နေချိန်မှာ ကျွန်ုပ်ကတော့ လျှပ်စစ်မီး နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကဲ့သို့သော စည်းစိမ်များကို ခံစားရင်း မွေးရပ်မြို့ နှင့် အဝေးတစ်နေရာသို့ ရောက်နေရခြင်းအပေါ် စိတ်မသန့်ခြင်းများဖြင့် မွန်းကြပ်မှုကို ခံစားနေရသလိုရှိနေခိုက် ကျွန်ုပ်သည် ဖေ့(စ)ဘုတ်ကို ဖွင့်ကြည့်လိုက်မိ၏။ သူပုန်အဖွဲ့များနှင့် နီးစပ်သော ကျွန်ုပ်၏ သူငယ်ချင်းတစ်ဦးက ကျွန်ုပ်၏ wall ပေါ်တွင် စာတစ်ခု လာရေးထားသည်ကို တွေ့မိလိုက်ပါသည်။ စာထဲတွင် “သူငယ်ချင်းရေ ဆဘာဘားရတ်မှာရှိတဲ့ လုံခြုံရေး စစ်ဆေးရေးစခန်း မရှိတော့ဘူး။ ဒီနေ့ ဗုံးကြဲတဲ့အထဲ ပါသွားပြီ။ ဒီဟာက မင်းအတွက် အရမ်း အရေးပါတာကို ငါသိပါတယ်။ နောက်တစ်ခေါက်ဆို လေတပ် (အဆောက်အအုံ) သာဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒါမှငါလည်း မင်းခံစားနေရသလို ခံစားနိုင်မယ်။”
သူသည် ကျွန်ုပ်အကြောင်းကို အလွန်သိသော သူငယ်ချင်းဖြစ်၏။ ကျွန်ုပ်၏ နာမည်ကို အာရဗီလို ‘အ’ အက္ခရာနှင့် စာလုံးပေါင်းတာမကြိုက်သည်ကို သူသိ၍ မှန်ကန်စွာ ရေးထားပေးသည်။ လက်ရှိဖြစ်နေသည့် တော်လှန်ရေးနှင့် ပက်သက်နေတာကြောင့် တစ်ခုတည်းတင်မကပဲ ဒီ စစ်ဆေးရေးစခန်းဟာ ကျွန်ုပ်အတွက် အထူးသဖြင့် ပုဂ္ဂိုလ်ရေးအရ မည်မျှ အရေးပါသည်ကိုလည်း သူသိသည်။ ဒီ စစ်ဆေးရေးစခန်းမှာ လုံခြုံရေးတွေ သွေးအေးစွာသတ်လို့ သေဆုံးသွားတဲ့ ကျွန်ုပ် မိခင်၏ ဇာပန အခမ်းအနားမှာလည်း သူရှိနေခဲ့ပါသည်။ သူ့အတွက်နှင့်လည်း ဆန္ဒပြသူတွေကို နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တဲ့ ဒီ နာမည်ဆိုး လေတပ် အဆောက်အအုံကြီး အကြောင်းကို သူပြောပြလာတဲ့အခါ သူ၏ နာကျင်မှုတွေကို ကျွန်ုပ် နားလည်မည်ဆိုတာကို သူသိသည်။ ပြီးတော့ ဒီအဆောက်အအုံကို ဗုံးကြဲစေဖို့ သူမျှော်လင့်တာကို ကျွန်ုပ် ဘာကြောင့် နားလည်တယ်ဆိုတာကိုလည်း သူသိလေသည်။
ခဏတစ်ခိုက်တော့ စစ်ဆေးရေးစခန်း၏ သတင်းဟာ တုန်လှုပ်စရာတစ်ခုအဖြစ် ဝင်ရောက်လာ၏။ ယင်းသည် ကျွန်ုပ်၏ ဘ၀ကို ပြီးဆုံးစေခဲ့သောသူတို့၏ အကြွင်းမဲ့ နိဂုံးဟု အနက်ဆောင်ပါသည်။ အတိအကျ မည်သို့ ခံစားလိုက်ရသည်ကို အပြည့်အ၀ နားမလည်ပါ။ ကျွန်ုပ် ခံစားနေရသည်မှာ အမှန်တကယ်တော့ အတိုင်းမဲ့ ထုံထိုင်းမှုတစ်ခုပင်။
ကျွန်ုပ်၏ မိသားစုအတွင်း ကျွန်ုပ်အား ပြုစုပျိုးထောင်လာသော အတွေးအခေါ်အချို့ကို ပြောပြပါရစေ။ အစဉ်အလာအတိုင်း ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန် မိသားစုတွင် ကြီးပြင်းလာရသည့် လူသားတစ်ဦးဖြစ်သည့်အလျောက်၊ ကျွန်ုပ်ဟာ အမုန်းတရားများ ဖုံးလွှမ်းထားသော ကမ္ဘာကြီးတွင် လူသားများ၏ နာကျင်မှုကို မေတ္တာတရားတစ်ခုတည်းနှင့် ဖြေဖျက်နိုင်သည်ဟု ဆုံးမမှုကို ခံယူခဲ့သည်။
လူ့အသက်တိုင်းသည် — မည်သူကပင် ပိုင်ဆိုင်နေစေကာမှု— မုချ မြင့်မြတ်ပါသည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ ဒါ့ကြောင့်ပင် ကိုယ်ဝန်ဖျက်ခြင်း၊ စစ်မက်ပြုခြင်း နှင့် သေဒါဏ်ပေးခြင်းများကို ဆန့်ကျင်ခဲ့ပါသည်။
ခရစ်တော်သည် ကျွန်ုပ်တို့ပေါ်တွင် မှားယွင်းခဲ့သူတွေကို ခွင့်လွှတ်ပေးရန် ဆိုဆုံးမခဲ့သည်ဆိုသောအချက်နှင့် ခွင့်လွှတ်ခြင်းသည် အင်းအားဖြစ်သည်ဟူသော ယုံကြည်မှုသည် ကျွန်ုပ်အား ဖိစီးလာစေသည့် အခါဝယ် ကျွန်ုပ်ယုံကြည်ချက်၏ စစ်မှန်မှုကို စမ်းသပ်ရန်မှာ ထို စစ်ဆေးရေးစခန်းမှ ကျွန်ုပ်၏ ရန်သူများ – ကျွန်ုပ် မိခင်ကို သတ်ခဲ့သော ရန်သူများ – ကို ခွင့်လွှတ်ပေးရန်သာ ဖြစ်တော့၏။
သို့သော်လည်း ကျွန်ုပ် ကျရှုံးခဲ့ပါသည်။ ကျွန်ုပ်၏ မိခင်အား သတ်သောသူများကို စိတ်စွဲနေသော အဆင့်ကို ဖြတ်ကျော်ခဲ့ရသည်။ သူတို့က ဘယ်သူတွေလဲ။ သူတို့ ဘာလုပ်လဲ။ သူတို့ ဘယ်မိသားစုကလာတာလဲ။ သူတို့ ဘယ်ဂိုဏ်းမှာ ပါတာလဲ။ သူတို့ အချက်အလက်များကို သိရဖို့ သူတို့အကြောင်းကို ရှာပေးနိုင်မယ့် လူယောက်ကို ကျွန်ုပ် လာဘ်ထိုးနိုင်ခဲ့သည်။ ပြီးနောက် အဲ့ဒီ စာရွက်ကလေးကို အကြာကြီး သိမ်းထားမိပြီး နောက်တော့ ခွန်အားပြည့်ဝလာတဲ့ တစ်ချိန်မှာတော့ အဲ့ဒါကို ဖျက်ဆီးပစ်ခဲ့ပါသည်။
ကျွန်ုပ်သည် ဆီးရီးယားလွတ်မြောက်ရေးတပ် (Free Syria Army) မှ လက်နက်ကိုင်သူငယ်ချင်းများကို ထိုအချက်အလက်များကို လွှဲပေးနိုင်မည့် အခြေအနေထိ ရောက်ရှိခဲ့ဖူးပါသည်။ သူတို့တွေဟာ ထိုအချက်အလက်တွေကို ဖြန့်ဝေပေးပြီး လူသတ်သမားတွေကို အပြစ်ဒါဏ်ပေးခံရဖို့ သေချာအောင် လုပ်နိုင်ပါသည်။ သို့ပေမဲ့ ကျွန်ုပ် အဲ့ဒီစာရွက်ကို ဖျက်ဆီးခဲ့ပါသည်။ သူတို့တွေကို အသတ်ခံရအောင် ပြုလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ဖို့ ဒါမဟုတ် အဲ့ဒီလိုပုံစံမျိုး ဆုံးဖြတ်ချက် တစ်ခုကို ပြုလုပ်ရာတွင် ပါဝင်ဖို့ မတတ်စွမ်းတော့သောကြောင့် ဖျက်စီးခဲ့ပါသည်။ ထိုကဲ့သို့သော အခွင့်အာဏာများ ရှိနေခြင်းဟာ ကျွန်ုပ်ကို ကြောက်လန့်စေပါတယ်။ သားကောင်တစ်ယောက် အဖြစ်သော်လည်းကောင်း စီရင်ချက်ချသူတစ်ယောက် အဖြစ်သော်လည်းကောင်း တစ်ချိန်ထဲမှာပဲ ဖြစ်နေရတဲ့ ဤစွမ်းရည်မျိုးဟာ အခွင့်ထူးတစ်ခုဖြစ်သလို ကျိန်စာတစ်ခုလည်း ဖြစ်သည်။ ဒီအရာဟာ တကယ်ပင် ကျွန်ုပ်၏ စွမ်းဆောင်ရည်ကို ကျော်လွန်နေပါသည်။
သို့ဖြစ်စေကာမူ ကျွန်ုပ်သည် အပတ်စဉ်တိုင်း သူတို့ကို ရှာဖွေနေမိ၏။ အဝေးတစ်နေရာမှ သူတို့ ရပ်ကြည့်နေမိ၏။ ဝမ်းနည်းဖွယ်ရာပင် သူတို့သည်လည်း ကျွန်ုပ်တို့ ကဲ့သို့ပင် လူသားများ ဖြစ်နေကြသည်။ သူတို့ ပြုံးသည်၊ ပြီးနောက် ပင်ပန်းသွားကြသည်။ သူတို့ စကြနောက်ကြသည်၊ ပြီးနောက် စိတ်ဆိုးကြသည်။ သူတို့ဟာ အလုပ်ချိန် နှစ်ဆိုင်း ခွဲလုပ်ပါသည်။ အမေ အသတ်ခံရချိန်က အဆိုင်းမှာ ဘယ်သူတွေ လုပ်သလဲဆိုတာကို ကျွန်ုပ်တွေးကြည့်မိပါသည်။
သူတို့သည် လက်ဖက်ရည်ကို ကျွန်ုပ်ကြိုက်တတ်သလိုလေး သောက်ပါသည်။ ချိုချို စိမ့်စိမ့်လေးပေါ့။ သူတို့ထဲက တစ်ယောက်မှာ ဝတ်ရုံချုံထားတဲ့ မိန်းမတစ်ယောက်နှင့်အတူ လာလည်လေ့ရှိသည့်် လမ်းလျှောက်တတ်စအရွယ် သားတစ်ယောက်ရှိသည်။ ထိုအမျိုးသမီးကိုတော့ ကျွန်ုပ် အသေအချာ ခန့်မှန်း၍ မရပါ။ သူ ကျွန်ုပ်၏ အမေကို သေနတ်နှင့် ပစ်ခဲ့တယ်ဆိုတာ သူ့မိန်းမ သိပါမလား။ အတိအကျပြောရလျှင် သူ ကျွန်ုပ်၏ အမေကို သတ်ခဲ့တယ်ဆိုတာ သူ့မိန်းမ သိမလား။
နောက်ပိုင်းတွင် ကျွန်ုပ်သဘောပေါက်လာခဲ့ပါသည်။ သူတို့ကို သတိမရပဲနှင့် ကျွန်ုပ် မိခင်ကို သတိမရနိုင်တော့မှန်း သိလာခဲ့ပါသည်။ လူသတ်သမားများ၏ ရုပ်သွင်သည် ကျွန်ုပ်မိခင်၏ ဆံနွယ်များနှင့်အပြုံးရှိရာ ပုံရိပ်ပေါ်တွင် တရိပ်ရိပ် ပေါ်လာသည်။ ရင်ထဲမှ ကလဲ့စားချေချင်သော အသံဟာ မိခင်က ကျွန်ပ်အား သင်ပေးခဲ့သမျှထက် ပိုမိုကြီးမားနေသည်။ ယင်းသည် မိခင်၏ ရယ်သံထက်ပင် ကျယ်လောင်နေတော့သည်။ အဲ့ဒီနေ့မှာပင် သူတို့အကြောင်းကို ဆက်မတွေးတော့ပါဟု ကျွန်ုပ် ဆုံးဖြတ်ချက်ချခဲ့ပါသည်။
သူတို့ကို ကျွန်ုပ် အငြိုးအတေး မထားတော့ပါ။ သို့သော် သူတို့ကို ခွင့်တော့မလွှတ်နိုင်ပါ။ ကျွန်ုပ်သည် နာကျင်မှု၊ လက်စားချေလိုမှု နှင့် ခွင့်လွှတ်မှုတို့ အကြားတွင် ထွက်ပေါက်ပိတ်နေသည်။ သူတို့ဟာလည်း အာဆတ် (Assad) အစိုးရစနစ်၏ သားကောင်များ ဖြစ်ရကာ လူသတ်သမားများအဖြစ် ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်ဆိုတာ မှန်နေသည့်တိုင်အောင် အသိအမှတ် ပြုမပေးနိုင်ပါ။ ဒီအရာဟာ ဆီးရီးယားတရားရုံးမှာ ကျွန်ုပ်တို့အကြား ဖြေရှင်းရမည့် အမှုတစ်ခုဖြစ်ပြီး အာဆတ် အစိုးရစနစ် ကျဆုံးသွားခဲ့လျှင် ကျွန်ုပ် သူတို့ကို ခွင့်လွတ်သည့် အနေဖြင့် အမှုကို ရိတ်သိမ်းဖို့ပေးနိုင်ဖို့ မျှော်လင့်ခဲ့ပါသည်။ ဒီကိစ္စဟာ ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းသွားဖို့ ဖြေရှင်းနည်း၏ တစ်ပိုင်းတစ်စ ဖြစ်သည်ဟုလည်း ကျွန်ုပ် ယုံကြည်ပါသည်။
ဒါကြောင့် ဒီစစ်ဆေးရေးစခန်းကို အစ္စလမ်မစ်ရှေ့ပြေးတပ် (Islamic Front)က ဗုံးကြဲသွားသည်ဆိုတဲ့ သတင်းဟာ မျက်နှာကို ရိုက်လိုက်သလိုပါပဲ။ သူတို့ သေသွားပြီ ဆိုတာကို ကျွန်ုပ် ပျော်ရမလား။ သူတပါး သေဆုံးခြင်းမှ ပျော်ရွင်မှုကို ရရှိနိုင်သော သူတစ်ဦး အဖြစ် ကျွန်ုပ် ပြောင်းလဲသွားပြီလား။ သူတို့ကို ခွင့်လွှတ်ပေးမည့် သူတစ်ဦးဖြစ်ရမည့် အခွင့်ထူးကို ကျွန်ုပ် ဆုံးရှုံသွားပြီလား။ အသက်တစ်ချောင်း၏ မြင့်မြတ်မှုဟာ ကျွန်ုပ်အတွက် အရင်ကလောက် မမြင့်မြတ်တော့ပါသလား။ စစ်ပွဲဟာ ကျွန်ုပ်၏ ဝိဉာဏ်ကို လုံး၀ ညစ်ညမ်းစေခဲ့ လေလား။
ကျွန်ုပ်၏ ခံစားချက်များကို အတိအကျ မသိပါ။ ဒါပေမဲ့ ဤအချိန်မှာ ကလဲ့စားချေမှုကို တောင်းခေါ်နေသော သားကောင်များ၏ အော်မြည်သံကို ကျွန်ုပ် အပြည့်အဝ နားလည်သည်။ နေ့စဉ်နှင့်အမျှ သေဆုံးမှုနှင့် ဆက်ဆံရသည့်အခါ အရာရာတိုင်းဟာ တန်ဖိုးများ မည်ကဲ့သို့ ပျောက်ဆုံးသွားသည် ဆိုတာကို နားလည်သည်။ ထိုအခြေအနေကို ကျင့်သားရအောင် လေ့ကျင့်နေရခြင်းသည် အသက်ကို ကြည်ညိုခြင်းထက် သေဆုံးခြင်းကိုသာ ပိုကြည်ညိုလာစေသည် ဆိုတာကိုလည်း နားလည်သည်။ တစ်ရက်နှင့် တစ်ရက် ထပ်တူကျလာသော ကျွန်ုပ်တို့၏ နေ့ရက်များတွင် သေဆုံးခြင်းသည် ဓုဝ တစ်ခု ဖြစ်လာပြီး ရှင်သန်ခြင်းဟာ ချွင်းချက်တစ်ခု ဖြစ်လာသည်။
အစ္စလမ်မစ် ရှေ့ပြေးတပ်များ၏ ထုတ်ပြန်ချက်တွင် ကနဦး အချက်အလက်များအရ အာဆတ်၏ စစ်သား နှင့် လူရမ်းကား ၅၀ ကျော်ဟာ ဤစစ်ဆင်ရေးတွင် သေဆုံးခဲ့သည် ဟုပြောသည်။ ကျွန်ုပ်၏ မိခင်ကို သတ်သူများသည် ဒီ၅၀ အထဲအတွင် ပါမလားဟု တွေးတောမိပါ၏။ ဒါမှမဟုတ် အပြစ်မရှိပဲ သေဆုံးသွားတဲ့ သူတွေဟာ အဲ့ဒီနေရာမှာ အချိန်မှား နေရာမှားရောက်နေသော သူများလား။ ကျွန်ုပ်ဟာ ကလဲ့စားချေမှုကို မလိုချင်တော့ပါ၊ ဒါပေမဲ့ အပြစ်မဲ့သူများနှင့် မိတ်ဆွေများအပေါ် ကျွန်ုပ်၏ ဝမ်းနည်းမှုအကြားမှာ စစ်ဆေးရေးစခန်းတစ်ခု အတွက်၊ အစိုးအရ ဌာနများ အတွက်၊ လူသတ်သမားများအတွက်တော့ ဝမ်းနည်းပေးဖို့ စွမ်းရည်တော့ မရှိနိုင်တော့ပါ။ အပြစ်မဲ့သူများအား ဆုံးရှုံးမှုအတွက် ဝမ်းနည်းမှု ခံစားနိုင်ရန် ကျွန်ုပ် ကျိုးစားသော်လည်း အငိုက်မိနေရပါသည်။ ငြိမ်းချမ်းရေးဟာ ကမ္ဘာကြီးအတွက် အဖြေတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်ုပ် ခိုင်ခိုင်မာမာ ယုံကြည်သော်လည်း အသတ်ခံရသော လူသတ်သမားများအတွက်တော့ ဝမ်းနည်းမှုကို ခံစားရန် မတတ်နိုင်တော့ပါ။
လူတိုင်းလိုလိုဟာ လက်နက်ကိုင်ဆောင်နေသော နိုင်ငံတစ်နိုင်ငံမှာ ကျွန်ုပ်၏လုံခြုံမှုအတွက် စိုးရိမ်တဲ့ သူငယ်ချင်းတစ်ယောက်က ဒီနှစ် ကျွန်ုပ်မွေးနေ့အတွက် ပစ္စတို သေနတ်တစ်လက်ကို လက်ဆောင်လာပေးသွားပါသည်။ လက်နက်တစ်ခုဟာ ချစ်ခင်မှု၏ သင်္ကေတ တစ်ခုဖြစ်လာလိမ့်မည်ဟု မည်သူက တွေးမိလေမလဲ။ သို့သော်လည်း ကျွန်ုပ်သည် သားကောင်နှစ်ကြိမ်ဖြစ်ရခြင်းအပေါ် ဝမ်းနည်းမိပါသည်။ ပထမအကြိမ်က ကျွန်ုပ် မိခင်အား ဆုံးရှုံရသည့်အချိန်၊ ဒုတိယအကြိမ်ကတော့ ကျွန်ုပ်ကိုယ်တိုင်သားကောင်အဖြစ်မှ ဆုံးရှုံးသွားသည့်အချိန် ဖြစ်သည်။ ကျွန်ုပ်ရင်ထဲမှ လူသတ်သမားသည် ကြီးထွားခဲ့၏၊ ပြီးတော့ အခြားသူများ သတ်ခြင်းအပေါ် ကျွန်ုပ် ကျေနပ်မှု ခံစားခဲ့ရဖူး၏။
ဆက်လက် ရှင်သန်နိုင်ရန် ကျွန်ုပ်၏ စွမ်းရည်သည် အခြားသူများ သေခြင်းအပေါ်သာ မူတည်နေတော့သည်။ ၎င်းဟာ “ကျွန်ုပ်ရှင်သန်ဖို့ သူသေရမယ်” ဆိုသော အကြောင်းပြချက်တစ်ခု ပြုလုပ်ကာ နေထိုင်ရန် ကျိုးစားခဲ့သော ကျွန်ုပ်၏အတွေးဖြစ်သည်။ ဆီးရီးယားအတွက် မည်သည့် နိုင်ငံရေး အပြောင်းအလဲ စောင့်မျှော်နေစေကာမှု ဤပုံစံနှင့် လူသတ် အစိုးရစနစ်ကြီးသည် အဆုံးစွန်တွင် အနိုင်ရရှိမည် ဖြစ်သည်။ အစိုးရ စနစ်ဆိုးဟာ ကျွန်ုပ်တို့အား လူသတ်သမားများအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ ကျွန်ုပ်တို့သည် လူသတ်ယန္တယားများအဖြစ်သို့ သော်လည်းကောင်း အခြားသူများ အသတ်ခံရခြင်းအပေါ် ပီတိဖွားသောသတ္တဝါအဖြစ်သို့ သော်လည်းကောင်း ပြောင်းလဲသွားပြီးနောက် ကျွန်ုပ်တို့နှင့် အတူနေရမည့် ကလေးငယ်များအတွက် ဝမ်းနည်းမိပါ၏။
မာဆယ် ရှေဝါရို သည် (Marcell Shehwaro) သည် အများသောအားဖြင့် အာရဗီစကားဖြင့် marcellita.com တွင် ဘလော့(ခ်)ရေးသားပြီး @Marcellita တွင် twitter သုံးပါသည်။ ဤအတွဲထဲမှ သူ၏ အခြား ဆောင်းပါးများကို ဤနေရာတွင်ဖတ်နိုင်ပါသည်။