- Global Voices မြန်မာ - https://my.globalvoices.org -

ထရီနီဒက် နှင့် တိုဘားကိုး နိုင်ငံ၏ ကာနာဗာ(လ်) ပွဲတော်မှ အလှအပ

အမျိုးအစားများ: မြေထဲပင်လယ်, ထရီနီဒက်နှင့် တိုဘားကိုး, ဓာတ်ပုံ, ပြည်သူသတင်း, အနုပညာနှင့် လူ့ယဉ်ကျေးမှု
[1]

Kallicharan Carnival အဖွဲ့အတွက် Gloria Dallsingh ဖော်ကျုးသော “Glamour Queen” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

ထရီနီဒက် နှင့် တိုဘားကိုး (Trinidad and Tobago) ကျွန်းနိုင်ငံလေးမှ မြိုင်ဆိုင်လှသော ဝတ်စုံအဆန်းအပြားများ [2]ကို ဝတ်ဆင်ပြီး လှည့်လည်ကခုန်သည့် ကာနာဗာ(လ်) ပွဲတော် [3]သည် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် အစဥ်အလာတစ်ခုဖြစ်၏။ သို့သော် ကာနာဗာ(လ်) ပွဲချစ်သူများအတွက်တော့ ထိုပွဲတော်၏ “ဝတ်စုံဆင်ယင်မှုကြီး”ကို နှစ်လိုသဘောကျဆုံးသာ ဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ရာ တခါတရံ ကြီးမားခန့်ညားလှသော ဝတ်စုံများသည် ကာနာဗာ(လ်) ပွဲတော်၏ ဘုရင် နှင့် ဘုရင်မ သရဖူဆုကိုရအောင် အပြိုင်အဆိုင် ပြသကြပါသည်။ ဤဝတ်စုံများသည် အနုပညာဖန်တီးမှု သပ်သပ်သာမကပါ၊ စက်မှုအတတ်ပညာ စွမ်းဆောင်မှုကို ပွဲထုတ်ခြင်းလည်း ဖြစ်သည်။

ဤ ဝတ်စုံတစ်စုံချင်းစီအလိုက်ဟာ ကာနာဗာ(လ်) အသင်းတစ်သင်းချင်းစီ၏ တင်ဆက်မှုတစ်ပိုင်းတစ်စ ဖြစ်သည်။ အသင်းတိုင်းတွင် နောက်လိုက်များရှိကြပြီး နှစ်စဉ်အလိုက် ခေါင်းစဉ်တစ်ခုစီရွေးချွယ်၍ တီထွင်ကြံဆကာ သရုပ်ဖော်ကြခြင်းဖြစ်သည်။ လူမှုမီဒီယာတဝှမ်း ၂၀၁၇ ပွဲတော်မှ ဓာတ်ပုံများ ပြန့်နှံ့နေသည့်အထဲမှ ဓာတ်ပုံဆရာ Damian Luk Pat [4] ၏ လက်ရာများကို စာဖတ်သူများ ရှုစားဖို့ ရွေးချယ်ပေးလိုက်ပါသည်။ နိုင်ငံ၏ ပွဲတော်ကျင်းပရာ ဌာနေ Queen's Park Savannah ပန်းခြံ၏ ဗဟိုမဏ္ဍပ်ရှေ့သို့ ရောက်ရှိလာသည့် လှည့်လည်သူများ၏ အလှကို အောက်ကဓာတ်ပုံများမှာ ရှုစားကြည့်ပါ။

တခြားနိုင်ငံများမှ ယဥ်ကျေးမှုမျိုးစုံ

ကာနာဗာ(လ်) ပွဲတော်သည် ငြီးငွေ့ဖွယ်ရာ နေ့စဥ်ဘဝ၏ တင်းကျပ်မှုထဲမှ လွတ်မြောက်ခြင်းဖြစ်၏။ ကာနာဗာ(လ်) ဘုရင်၊ ဘုရင်မ ပြိုင်ပွဲဝင်သူများဟာ ပွဲကြည့်ပရိသတ်ကို (အာဖရိက၊ တရုတ်၊ အာရေးဘီးယား စသကဲ့သို့) အခြားဒေသများကို ခေါ်ဆောင်သွားကြသလို (ဒဏ္ဍာရီထဲကမြိုင်တော၊ ရေအောက်နိုင်ငံတော် စသည့်) အခြားကမ္ဘာများကိုလည်း ခေါ်ဆောင်သွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် သင်ကတော့ သူတို့အလှအပတွင် နှစ်မြောသွားမည်။

[5]

Ryan Sooknanan ဖော်ကျုးသော “Wings of Africa” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

[6]

“Chinese Dynasty” အဖွဲ့အတွက် Raymond Mark ဖော်ကျူးသော “The Yellow Emperor And The Winged Dragons” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

Trinidad and Tobago ၏ အလှ

ဤနှစ်အချို့ဝတ်စုံများသည် Trinidad and Tobago ၏ ဘဝအသွင်အပြင်အမျိုးမျိုးကို ကိုယ်စားပြုကြသည်။ ဥပမာ အောက်ရှိပုံထဲတွင် ဖော်ကျူးထားသည့် “Down de islands” သည် နိုင်ငံ၏ လှေနှင့်သင်္ဘောလုပ်ငန်းများပြုလုပ်သည့် ချမ်းမြေ့ဖွယ်ကျေးလက်မြင်ကွင်းရှိသော အနောက်မြောက်ကျွန်းစုများကို ကိုယ်စားပြုသည်။ ထိုဒေသသည် ပြည်သူများ၏ အကြိုက်ဆုံး လည်ပတ်အပန်းဖြေစရာ နေရာတစ်ခုလည်း ဖြစ်သည်။

[7]

Christopher Saldenha ဖော်ကျူးသော “Down The Islands” for the band Soar! ဓာတ်ပုံ။ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

၂၀၁၇ ပြိုင်ပွဲဝင်သူများအထဲတွင် နိုင်ငံတော် တူရိယာ စတီးဒယ် (the steel pan [8]) ကို ကိုယ်စားပြုသူလည်း ပါသေးသည်။ စတီးဒယ် တူရိယာ ဆိုသည်မှာ Trinidad and Tobago နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၂၀ ရာစုနှစ်တွင် တီထွင်ခဲ့သော လျှပ်စစ်မသုံးသည့် တစ်ခုတည်းသော ဂီတတူရိယာပင်ဖြစ်သည်။

[9]

“Swirls!” အဖွဲ့မှ Ronald Mayers ဖော်ကျူး သော “Musical Vibrations” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

ကာနာဗာ(လ်) ပွဲတော်၏ သရုပ်ကောင်များထဲတွင် ညသန်းကောင်ဓားပြ (Midnight Robber) ဟုဆိုသော လူသိများသည့် သရုပ်ကောင်တစ်ယောက်ကို ခေတ်သစ်ပုံဖော်မှုလည်းပါပါသည်။ ပေကပ်ကပ်ကောင်းဗွိုင်ပုံစံဖမ်းကာ နားပန်းကျယ်ကျယ်နှင့် အတွန့်ပါသည့် ဦးထုပ်အကြီးကြီးဆောင်းထားသည့် Midnight Robber သည် ဟိတ်ဟန်ကတယ်များလှ၏။ သူ၏ ဘဝင်ကျယ်သည့် အနေအထားနှင့်လိုက်အောင် ဝတ်ရုံကြီးက ရုံထားသေးသည်။ ပွဲတော်အတွင်း ဒီသရုပ်ကောင်ကို အသုံးအဆောင်တွေကလည်း ပေးထားရသည်၊ ဥပမာ သေနတ်အတု၊ ဓားအတု စသည်တို့ဖြင့် လူရှိန်စေမည့် အသွင်ကို ဖန်တီးယူကြသည်။

[10]

Roland St. George ၏ “Doodad Daddy” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

လူမှုဘဝကို ဝေဖန်ချက်

အခြား သရုပ်ဖော်ပြသမှုများတွင် နေ့စဥ် လူမှုရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများကို ကိုယ်ပိုင်မူနှင့် အဆန်းထွင်ပြီး တခါတရံ ဟာသနှောကာအရွဲ့တိုက်ဝေဖန်ကြသေးသည်။ ဒေသတွင်း ဇီကာပိုး [11]၏ ခြိမ်းခြောက်မှု နှင့် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲမှ ဒေါ်နယ်ထရမ့် [12] အကြောင်းများ ထိုထဲတွင် အပါအဝင်ဖြစ်သည်။

[13]

Ronald Blaize ၏ “De Injector” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

[14]

“D’ Element – Earth, Wind and Fire” အဖွဲ့မှ Clyde Blaize ၏ “Category 5 – Hurricane Trump” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

တိုင်းရင်းသားဟန် ဝတ်စုံအဆန်းများ

ဤဝတ်စုံများကတော့ နှစ်စဥ်နှစ်တိုင်း လူအများကို ဆွဲဆောင်သည့် ကာနာဗာ(လ်) ပွဲတော် ရိုးရာအစဥ်အလာမှ အသွင်အပြင်တစ်ခုဖြစ်သည်။ ငှက်မွေးတောင်ရာချီတပ်ပြီး အသွေးအရောင်စုံလင်ကာ အနုစိတ်သော ခေါင်းဝတ်စုံများထည့်သွင်းထားသည့် ဘုရင် နှင့် ဘုရင်မ ဝတ်စုံများသည် သုံးထားသော ပစ္စည်းများနှင့် သူတို့၏ အရွယ်အစားကြီးကြောင့် ပြုလုပ်ရန် အလွန်စျေးကြီးလှသည်။ ဤဝတ်စုံအမျိုးအစားများနှင့် ပွဲထွက်ကြသော အဖွဲ့များဟာ Trinidad တောင်ပိုင်းဒေသမှ ဖြစ်ကြသည်။

[15]

Laura Rampersad ၏ “Lady in Blue” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

[16]

“San Fernando Heartbeat” အဖွဲ့မှ Lionel Jagessar Jr. ဖော်ကျူးသော “Monia Haka – Out of the Ashes” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

တတိယ အကောင်းစုံး ဝတ်စုံဆုရ Rose Marie Kuru ၏ “Queen Chirapaq – A Tribute to Esther Theodore” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

သတ္တဝါ ဝတ်စုံများ

ချီတန်းလှည့်လည်ပွဲတွင် တိရစ္ဆာန်မျိုးစုံအား ပုံဖော်ထားသည်ကိုကြည့်ရသည်မှာလည်း အံမခန်းပင်ဖြစ်သည်။ ငှက်မျိုးစုံမှာ အားလုံး၏ အနှစ်သက်ဆုံးဖြစ်သလို၊ တောဘုရင်ကျားကဲ့သို့ ခွန်အားကြီးမားပြီး ကြော့မော့သော တိရစ္ဆာန်များ၊ ဒဏ္ဍာရီလာ နဂါးများမှာလည်း လူကြိုက်များလှသည်။ ထိုသတ္တဝါများသည် ပင်ကိုယ်အရည်အသွေး အသီးသီးရှိကြပြီး ဝတ်ရုံချုံသူများက အကများဖြင့် ၎င်းကိုဖော်ကျူးကြသည်။

[17]

Ravi Lakhan ဝတ်ဆင်ထားသော “Journey Beyond Imagination” အဖွဲ့မှ “Nazgul – Harbinger of Death” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

[18]

Roxanne Omalo ၏ “Sheera – The Ice Queen” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

အကယ်ပဲပေါ့… ကာနာဗာ(လ်) ပွဲကိုစောင့်မသည့် နတ်ဘုရားများက တချိန်လုံး စေတနာကောင်းနေတာမျိုးတော့မဟုတ်။ အောက်ကပုံထဲမှ ဝတ်စုံဆိုရင် စင်ပေါ်ကျမှ ကံခေလေရဲ့။ ဝတ်စုံပိုင်ရှင် အတောင်ပံကို ဖွင့်ရန်ကျိုးစားချိန် ကျိုးပြီးလဲကျပါလေရော။ သူရဲရဲဝံ့ဝံ့ အဖတ်ဆယ်ဖို့ ကျိုးစားသော်လည်း ဝတ်စုံ၏ အလေးချိန်က သိပ်များလွန်းနေသည်။

[19]

Glen Dave Lakhan ၏ “Argus Le Grand” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

အခြား မြင်ရများသည့် အဖြစ်တခုကတော့ Moko Jumbie (ဒေါက်တိုင်ရှည်ဖိနပ်) ဝတ်စုံများနှင့် သရဖူဆုကိုရအောင် ယှဥ်ပြိုင်တာမျိုးပါ။ ၎င်းသည် ကာနာဗာ(လ်)ပွဲတော် ချီတက်သူများအကြား လူတိုင်းလုပ်တတ်သည့် ပညာရပ်တစ်ခုဖြစ်သည်။ အခြားသူများကဲ့သို့ ဝတ်စုံအလေးကြီးများကို အများသောအားဖြင့် ဘီးလုံးအားကိုးနှင့် ဆွဲတာမျိုးမဟုတ်ပဲ တကိုယ်ရည်ကာယ အနုပညာဖြင့် သူတို့ကို မြင်ရသည်မှာလည်း ပျော်ရွင်စရာပင်။

[20]

Qiana Moore ၏ “I Am Not the Bird of Paradise, I Am a Bird from Paradise!” သရုပ်ဖော်ပြသမှု။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

ဤသို့နှင့် ၂၀၁၇ ခုနှစ်၏ သရဖူဆုစွတ်ခူးသူများမှာ . . .

ဝတ်စုံများအားလုံး ထူးချွန်ပြောင်မြောက်လှသည် ဆိုသော်လည်း တစ်ဦးသာပင် ဆုစွတ်ခူးနိုင်မည်။ ကာနာဗာ(လ်)၏ ဘုရင်ဆုကို သရဖူဆောင်းသွားသူကတော့ နှစ်စဥ်ချန်ပီယံဖြစ်သူ Ted Eustace ဖြစ်သည်။ သူ၏ အနာဂတ်စိတ်ကူးယဥ် ပုံဖော်မှုဖြစ်သော “Crypto – The Lord of the Galaxy” (စကြစဠာ၏ အရှင် – ခရစ်(ပ)တို) ဝတ်စုံနှင့်ပင် ထပ်မံဆုစွတ်ခူးသွားခဲ့သည်။

[21]

2017 ကာနာဗာ(လ်) ဘုရင်ဆုရသူ Ted Eustace နှင့် သူ၏ ဝတ်စုံ “Crypto – The Lord of the Galaxy”

ကာနာဗာ(လ်)၏ ဘုရင်မဆုကိုတော့ “Paparazzi” အဖွဲ့မှ Krystal Thomas သရုပ်ဖော်သော ညှို့ယူဖမ်းစားသူ “De Nebula” ဝတ်စုံမှ သရဖူဆောင်းခဲ့သည်။

[22]

“Paparazzi” အဖွဲ့မှ ၂၀၁၇ ကာနာဗာ(လ်)ဘုရင်မဆုကိုရရှိသူ Krystal Thomas ဖော်ကျူးထားသော “De Nebula” ဝတ်စုံ။ ဓာတ်ပုံ Damian Luk Pat. ခွင့်ပြုချက်ဖြင့်သုံးသည်။

၂၀၁၇ Trinidad and Tobago ကာနာဗာ(လ်) ပွဲတော်မှ ရလာဒ်အပြည့်အစုံကို ကြည့်လိုလျှင်တော့ ဤနေရာတွင် [23] ရှာဖွေတွေ့ရှိနိုင်ပါသည်။