နေအိမ်မဲ့ လူငယ်များအတွက် လမ်းပေါ်နေကလေးဟောင်းတစ်ဦးက ဖွင့်လှစ်ပေးလိုက်သည့် မွန်ဘိုင်းမြို့မှ စာကြည့်တိုက်လက်ဖက်ရည်ဆိုင်

Vishal Yashoda Manve
Juan Cebu

Weblog

ဘုံဘေမြို့၏ လမ်းများပေါ်တွင် ကြီးပြင်းခဲ့ရသော သူကဲ့သို့ ကလေးများ၏ ကံကြမ္မာကို ပြောင်းလဲပေးချင်သော အာမင်း ရှိတ်ခ်၏ ဘဝပုံပြင်။ ဓာတ်ပုံ မူရင်းပိုင်ရှင် – Humans of Bombay

မွန်ဘိုင်းမြို့က လူသွားများသည့် လမ်းမပေါ်မှာ သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ စာအုပ်ကို ၃ နှစ်နီးပါး ရောင်းချခဲ့ပြီးနောက် စာရေးဆရာ အာမင်း ရှိတ်ခ် တစ်ယောက်သည် နောက်ဆုံးတော့ အလုပ်ကျိုးစားမှု၏ အကျိုးများကို ခံရတော့မည်။ အိန္ဒိယ၏ ဘဏ္ဏာရေးမြို့တော်ဖြစ်သော မွန်ဘိုင်းတွင် ဆင်းရဲနွမ်းပါးသည့် လမ်းပေါ်နေကလေးများအတွက် စာကြည့်တိုက်လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ဖို့ သူ၏ အိမ်မက်ကို နောက်ဆုံးတော့ အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ရှိတ်ခ်သည် သူ၏ တိုတောင်းသေးသည့် ဘဝတွင် အတွေ့အကြုံအများကြီး ရပြီးပြီဖြစ်သည်။ (ယခင်က ဘုံဘေဟုခေါ်သော) မွန်ဘိုင်းမြို့၏ မြောက်ပိုင်းတစ်နေရာက ဆင်ခြေဖုန်းရပ်ကွက်ရှိ ဆင်းရဲသော မိသားစုတစ်ခုတွင် သူ့ကို မွေးဖွားခဲ့သည်။ သူ့အတွက် အသက် ၅ နှစ်အရွယ်မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင်စပြီး အလုပ်လုပ်ခဲ့သည့်အချိန်မှ ဘဝစခဲ့သည်။ အသက် ၁၆နှစ် ပြည့်သည့်အခါ သူ့ကို မွန်ဘိုင်း၏ စနီဟဆဒန် (Sneha Sadan) ဟုခေါ်သော မိဘမဲ့ဂေဟာမှ ကယ်ဆယ်လိုက်သည့်အချိန်မှာ သူသည် မွန်ဘိုင်း၏ ကြမ်းတမ်းခက်ထန်သော လမ်းပေါ်တွင် နေအိမ်မဲ့ကလေးတစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းခဲ့ပြီးဖြစ်သလို အမှိုက်ကောက်၊ အဝတ်စုတ်ကောက်၊ ရထားပေါ် စျေးရောင်း သီချင်းလိုက်ဆို၊ စက်ရုံ အလုပ်ကြမ်းလုပ်၊ ဖိနပ်တိုက် စသည်တို့အပါအဝင် အခြား ဆန်းဆန်းပြားပြား အလုပ်တွေကို အကုန်လုပ်ခဲ့ရသည့် အတွေ့အကြုံများကို ရရှိနေပြီး ဖြစ်သည်။ မိဘမဲ့ဂေဟာက သူ့ကို နေစရာအိမ်တစ်ခုကို ပေးသလို သူ့ဘဝကိုလည်း ပြောင်းလဲပေးလိုက်ပါသည်။

အသက် ၁၇ နှစ်အရွယ်မှာ ရှိခ်ကို နာမည်ကြီး အနုပညာရှင် Eustace Fernandes ဆီတွင် အလုပ်လုပ်ဖို့ လွှတ်လိုက်သည်။ သူသည် အနုပညာရှင်အတွက် ထမင်းချက်၊ သန့်ရှင်းရေး၊ ကားမောင်း စသည်တို့ ပြုလုပ်ခဲ့ပြီး အချိန်တည်းမှာပဲ အင်္ဂလိပ်စာကိုလည်း လေ့လာခဲ့သည်။ Eustace ၏ အကူအညီနှင့် ရှိတ်ခ်သည် ၂၀၁၂ ခုနှစ်မှာ Sneha Travelsဟု ခေါ်သော သူ့ ကိုယ်ပိုင်ခရီးသွားကုမ္ပဏီကို စတင်ခဲ့သည်။ Eustance သည် သူ့ကို ဘာစီလိုးနားမြို့ကို တစ်ခါခေါ်သွားခဲ့သည်။ အဲ့ဒီမှာ သူဟာ စာကြည့်တိုက် လက်ဖက်ရည်ဆိုင် အချို့ကို သူသွားလည်ခဲ့ပြီး ထိုစိတ်ကူးကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။

အာမင်းရှိတ်ခ်၏ လက်ဖက်ရည်ဆိုင်မှ ဝန်ထမ်းများ။ ၎င်းတို့ကို စနီဟာဆဒန် မှ လမ်းပေါ်နေကလေးဟောင်းများဖြင့် ခန့်ထားသည်။ ဓာတ်ပုံခွင့်ပြုချက်ဖြင့်သုံးသည်။

ယနေ့မှာ ရှိတ်ခ်၏ ဘုံဘေမှ ဘာစီလိုးနားသို့ ဟု ခေါ်သော လက်ဖက်ရည်ဆိုင်ဟာ အဖြူရောင်နှင့် လိမ္မော်ရောင် အသွင်မျိုးမျိုးဖြင့် ဆေးရောင်ချယ်ထားပြီး Sneha Sadan မှ လမ်းပေါ်နေကလေးငယ်ဟောင်းများကို ဝန်ထမ်းအဖြစ်ခန့်ထားသည်။ ဒီနှစ် သြဂုတ်လလယ်လောက်က ဖွင့်ခဲ့သည့် လက်ဖက်ရည်ဆိုင်သည် လူတန်းစားအမျိုးမျိုး အားလုံးကို လာရောက်အားပေးစေလိုတာကြောင့် အစားအစာများကို စျေးနှုန်း သင့်တင့်အောင် စီမံထားပါသည်။  ဥပမာ လက်ဖက်ရည်တစ်ခွက် ဆိုလျှင် ၁၀ ရူပီး (၁၈၀-၂၀၀ ကျပ် ဝန်းကျင်) ကျပြီး လမ်းဘေးဝဲယာတွင် ဖွင့်သော လက်ဖက်ရည်ဆိုင်များ၏ စျေးနှုန်းနှင့် အတူတူပင်ဖြစ်သည်။ ရှိတ်ခ်၏ လက်သုံးစကားကတော့ “လက်ဖက်ရည် သောက်ဖို့ နေရာကောင်းကောင်း တစ်ခုတော့ လူတိုင်းလူတိုင်း ထိုက်တန်ပါတယ်” ဟူ၍ ဖြစ်ပါသည်။

ပရဟိတအဖွဲ့ Action Aid India နှင့် တာတာ လူမှုသိပ္ပံတက္ကသိုလ်တို့ ပူးပေါင်းပြီး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မွန်ဘိုင်းမြို့၏ လမ်မပေါ်တွင်နေထိုင်သော ကလေးငယ်ပေါင်း ၃၇၀၅၉ ဝန်းကျင် ရှိပါသည်။ ကလေးငယ် ငါးဦးထဲမှ နှစ်ဦးဟာ သူတို့ဘဝတစ်ချိန်ချိန်မှာ နှတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း မဟုတ်လျှင် အတင်းအဓမ္မ အငတ်ခံထားခြင်းကို ခံရဖူးသည်။

ရှိတ်ခ်သည် ကမ္ဘာ့အသံအား သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတိကို ရောင်းပြီး ရန်ပုံငွေစုကာ လက်ဖက်ရည်ဆိုင်ကို တကယ်ဖြစ်လာအောင် မည်ကဲ့သို့ အကောင်အထည်ဖော်ခဲ့သည့် အကြောင်း နှင့် လမ်းပေါ်နေကလေးငယ်များကို ကူညီမည့်သူ၏ အနာဂတ် အစီအစဉ်များကို ပြောပြပါသည်။

“ဒီလက်ဖက်ရည်ဆိုင် တည်ထောင်ဖို့ ငွေစုဆောင်းဖို့ရာ ကျနော် စာအုပ်တွေကို သုံးနှစ်နီးပါးရောင်းခဲ့ရပါတယ်။ ကျနော်တို့ဟာ လမ်းပေါ်နေကလေးငယ်များအတွက် အမြဲတမ်းဖွင့်ထားမှာ ဖြစ်ပြီး သူတို့ဝင်အလာကို ဘယ်တော့မှ တားမြစ်မှာ မဟုတ်ပါဘူး” ဟု သူရှင်းပြပါသည်။

လက်ဖက်ရည်ဆိုင်သည် အခွင့်ထူးမဲ့ ကလေးများကို လက်ဖက်ရည်နှင့် အခြားအရာများကို အခမဲ့ ထောက်ပံ့ပေးသည်။ ဓာတ်ပုံ မူရင်းပိုင်ရှင် – Bombay to Barcelona FB page. ခွင့်ပြုချက်ဖြင့်သုံးသည်။

၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ ‘ဘုံဘေ မွန်ဘိုင်း၊ ဘဝဟာ ဘဝပါပဲ၊ ကျွန်ုပ်ဟာ သင့်ကြောင့်ရှိရခြင်းဖြစ်သည်‘ စာအုပ်တွင် ရှိတ်ခ်သည် မွန်ဘိုင်းမှ လမ်းများပေါ်မှာ နေထိုင်ခဲ့ရသော သူ၏ ကလေးဘဝမှ အတွေအကြုံများ ဖြစ်သော မြို့ပတ်ရထားပေါ်တွင် သီချင်းဆိုပိုက်ဆံတောင်းရသည့် အကြောင်းများနှင့် မိသားစု အထောက်အပံမရခဲ့သောကြောင့် ကြုံတွေ့ရသည့် ရုန်းကန်မှုများကို ပြန်ပြောထားသည်။

ယခုတွင်မူ သူ့စာအုပ်ရောင်းရခြင်းမှ ရရှိလာသော ဝင်ငွေအရင်းအနှီးကို သုံးကာ သူ၏ လက်ဖက်ရည်ဆိုင်ကို ထောက်ပံ့သည်။

“ကျနော် ငါးနှစ် အရွယ်တုန်းက ကျနော့် ပထွေးက မတရားနှိပ်စက်ပြီး ခြိမ်းချောက်မှုတွေပြုလုပ်တာကြောင့် အိမ်ကထွက်ပြေးခဲ့ရပါတယ်။ ကျနော့်ကို မိဘမဲ့ဂေဟာ စနီဟာ ဆဒန်က မကယ်ဆယ်ခဲ့ခင်က ပိုက်ဆံတောင်းတယ် ပြီးတော့ ရထား ဘူတာရုံက ပလက်ဖောင်းပေါ်မှာ အိပ်ခဲ့ရပါတယ်” ဟု ရှိတ်ခ်ကပြောသည်။

အခုအခါမှာတော့ သူဟာ အခြား လမ်းပေါ်နေကလေးများကို နားခိုရာနှင့် အထောက်အပံ့ပေးဖို့ ဆုံဖြတ်ချက်အခိုင်အမာ ရှိနေပါပြီ။ “ကျနော် ဒီကလေးတွေကို လမ်းပေါ်ပြန်မသွားစေချင်ဘူး။”

ဓာတ်ပုံ မူရင်းပိုင်ရှင် – Bombay to Barcelona FB page. ခွင့်ပြုချက်ဖြင့်သုံးသည်။

ရှိတ်ခ်သည် သူ၏စာအုပ်ကို အုပ်ရေ ၁၂၀၀၀ နီးပါးကို စပိန်၊ ကတ်တလန်၊ မာရာသီ စသည့် ဘာသာစကားများတွင် ရောင်းချနိုင်ခဲ့ပြီး သူ၏ လက်ဖက်ရည်ဆိုင်အတွက် ငွေထောက်ပံ့နိုင်ခဲ့သည်။

စပိန်မှ စာဖတ်သူတစ်ဦးဖြစ်သူ Maria Antonia Perez သည် သူ့စာအုပ်ကိုဖတ်ပြီးနောက် မွန်ဘိုင်းကို မကြာခင်က လာခဲ့ပြီး ရှိတ်ခ်ကို လက်ဖက်ရည်ဆိုင်ဖွင့်ရာတွင် ကူညီပေးခဲ့သေးသည်။

ဓာတ်ပုံ မူရင်းပိုင်ရှင် – Bombay to Barcelona FB page. ခွင့်ပြုချက်ဖြင့်သုံးသည်။

“လမ်းပေါ်နေ ကလေးငယ်များအတွက် လက်ဖက်ရည်နဲ့ ကိတ်မုန့်တွေချထားတဲ့ အထူး စားပွဲတစ်ခု ကျနော်တို့ဆီမှာ ရှိပါတယ်။ ဒီဆိုင်နဲ့ ပက်သက်လို့ သူတို့ရဲ့ တုန့်ပြန်ချက်တွေက အလွန်ကို ကောင်းပါတယ်” ဟု ရှိတ်ခ်က မှတ်ချက်ချသည်။

ဓာတ်ပုံ မူရင်းပိုင်ရှင် – Bombay to Barcelona FB page. ခွင့်ပြုချက်ဖြင့်သုံးသည်။

သူ၏ ဘဝအကြောင်းကို YouTube ပေါ်တွင် Ditto TV မှ ရိုက်ကူးထားသော ဗီဒီယို ဖြစ်ပါသည်။

မွန်ဘိုင်းတွင် မီဒီယာကျောင်းသားတစ်စုဟာလည်း ရှိတ်ခ်၏ ဘဝအနှင့် စာအုပ်အကြောင်းကို ဇာတ်လမ်းတို ရိုက်ကူးထားပါသည်။

လက်ဖက်ရည်ဆိုင်ကို သွားကြသူများဟာလည်း လူမှုမီဒီယာပေါ်မှာ ဆိုင်၏ ကောင်းကြောင်းများကို ပြောလေ့ရှိသည်။

Shivangini Singh က ဖေ့ဘုတ်(ခ်) ပေါ်တွင် ဤသို့ရေးသည်။

ဤစာအုပ်ဟာ 300 သာ ကျပါတယ်။ သင် ဒီစာအုပ်ကို ဝယ်ရင် အာမင်း ရှိတ်ခ်က လမ်းတွေပေါ်မှာနေရတဲ့ သူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရာမှာ သင်ဟာ ကူညီရာရောက်ပါမယ်။
ကျနော် အခုပဲ စာအုပ်ကို ဖတ်ပြီးသွားတယ်။  ဘဝ ပုံပြင်တစ်ခုပါ။ ခရီးလမ်းကြောင်းဟာ နက်ရှိင်းလှပါတယ်။ အရမ်းကို စစ်မှန်ပြီး အမြင်ကောင်းရပါတယ်။ စိတ်တက်ကြွစရာ အရမ်းကောင်းပါတယ်။
ဘုံဘေမှ ဘာစီလိုနာဆီသို့ လက်ဖက်ရည်ဆိုင်ဟာ ကတယ်ကို နွေးထွေးပြီး ကောင်းမွန်တဲ့နေရာတစ်ခုပါပဲ

Deanne Moraes ကလည်း ဖေ့ဘုတ်(ခ်)ပေါ်တွင် ကောင်းမွန်သည် သုံးသပ်ချက်ပေးထားပါသည်။

ဒီ လက်ဖက်ရည်ဆိုင်က သွားခဲ့တုန်းက အိမ်တစ်ခုကို ရောက်နေသလိုခံစားရပါတယ်။ ဘယ် လက်ဖက်ရည်ဆိုင်မျိုးမှာမှ ဒီလိုမခံစားရဖူးပါဘူး… ပတ်ဝန်းကျင်၊ အလှဆင်ထားတာတွေ နဲ့ မုန့်တွေ… အားလုံးက ပြီးပြည့်စုံပါတယ်… စားသုံးသူကို ဝန်ဆောင်မှုပေးတာကိုတော့ ဘယ်တော့မှ မမေ့ပါဘူး… ကျနော် ဟော်တယ်တွေ ကဖေးတွေသွားရင် အဲ့ဒီမှာ လုပ်နေတဲ့ လူတွေရဲ့ နာမည်တွေ မေ့တတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလက်ဖက်ရည်ဆိုင် cafe SAI မှာတော့ သူတို့ရဲ့ ဖော်ရွေပြူငှာမှုနဲ့ သူ့ရဲ့ နာမည်ကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး… အကောင်းဆုံး ဆုတောင်းပေးလိုက်ပါတယ်…