- Global Voices မြန်မာ - https://my.globalvoices.org -

သြစတြေးလျအနောက်ပိုင်း ကန္တာရဒေသတစ်ဝှမ်းမှ ဌာနေတိုင်းရင်းသားတို့၏ လက်ဟန်သင်္ကေတ ဆက်သွယ်နည်းများကို လေ့လာကြည့်ပါ

အမျိုးအစားများ: ပြည်သူသတင်း, ပေါ်ထွန်းလာသော အသံများ

ကြမ်းတမ်းသော တောင်တောင်ရေမြေနှင့် ပြင်းထန်သောရာသီဥတုတို့ရှိသော သြစတေးလျနိုင်ငံအနောက်ပိုင်းမှ သဲကန္တာရ [1]သည် ရှင်သန်နေထိုင်ရန် ခက်ခဲလှသော နေရာတစ်ခု ဖြစ်သည်။ လူနေနည်းပါးသော ဤဒေသတွင် အသက်ရှင်နေထိုင်ရန် ကြိုးပမ်းကြသူများအဖို့ သြစတြေးလျနိုင်ငံရှိ ဒုတိယအကြီးဆုံး သဲကန္တာရ၏ ကြီးမားကျယ်ပြန့်သော အကွာအဝေးတို့က ၄င်းတို့အား အနီးတဝိုက်ဒေသတွင် နေထိုင်သူတို့နှင့် ဆက်သွယ်ဆက်ဆံမှု ပြုလုပ်နိုင်ရန် ခက်ခဲစေပါသည်။

လက်ဟန်သင်္ကေတတို့ကို အသုံးပြုခြင်းသည် မိုဘိုင်းလ်ဖုန်းနှင့် အခြား ဒီဂျစ်တယ်နည်းပညာများ မရောက်ရှိလာခင်ကတည်းက ဤဒေသတွင် ရာစုနှစ်များစွာတိုင်အောင် အခြေချနေထိုင်ခဲ့ကြသော အဘော်ရီဂျင်း (ဌာနေတိုင်းရင်းသား) တို့၏ ဆက်သွယ်မှုပြုလုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
လက်တွေ့အသုံးဝင်သော အဆိုပါ ဆက်သွယ်မှုနည်းလမ်းကို အသိအမှတ်ပြုနိုင်စေရန် ဒေသခံ ဗီဒီယိုထုတ်လုပ်သူ ၀ီလီ လမ်းပတ် သည် စိတ်အားထက်သန်သော ဘယ်လ်ဂို [2] ဒေသမှ အဘော်ရီဂျင်း အမျိုးသမီးကြီးများတစ်စုနှင့် ပူးပေါင်းခဲ့ပြီး လက်ဟန် သင်္ကေတ နည်း ၄၀ နည်း ကို ရှင်းပြသည့် ဗီဒီယိုတစ်ခု အတူတကွ ဖန်တီးခဲ့ကြသည်။

လမ်းပတ် အနေဖြင့် ထိုသင်္ကေတတို့ကို လေ့လာနေရင်း ဤသို့ ရှင်းလင်းပြောပြသည့် ဗီဒီယိုတစ်ခု ဖန်တီးရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ ၄င်းက ထိုသင်္ကေတတို့၏ အရေးပါပုံကို ရှင်းပြသည်မှာ- [3]

While many visitors quickly learn the standard “what now?” sign, it is easy to miss the dozens of diverse hand signals being subtly exchanged in conversation. As in all languages, some elements are traditional and others are recent innovations… hand signs are not only a way of communicating information, but also serve as full-bodied ways of expressing nuance, humor, and individual personality.

လာရောက်လည်ပတ်သူများအနေနဲ့ အခြေခံသင်္ကေတတစ်ခုဖြစ်တဲ့ “အခုဘာဆက်လုပ်ကြမလဲ” ဆိုတာကို မြန်မြန်ဆန်ဆန် လေ့လာနိုင်ကြသလိုပဲ တစ်ဖက်မှာလည်း စကားပြောရင်း မသိမသာ ဖလှယ်ကြတဲ့ အခြား ကွဲပြားတဲ့ လက်ဟန်သင်္ကေတ အများကြီးတွေကို သတိမထားမိပဲ လွတ်သွားနိုင်ပါတယ်။ အခြားဘာသာစကားတွေ အားလုံးလိုပဲ တစ်ချို့အစိတ်အပိုင်းတွေက ရှေးကျပြီးတော့ တစ်ချို့တွေကတော့ ဆန်းသစ်တီထွင်မှုတွေ ဖြစ်ပါတယ်… လက်ဟန်သင်္ကေတတွေဟာ သတင်းအချက်အလက်တွေကို ပေးပို့ဆက်သွယ်ဖို့ရာပဲ မဟုတ်ပါဘူး.. ခန္ဓာကိုယ်တစ်ခုလုံးသုံးပြီး ဖော်ပြရတဲ့ အဓိပ္ပါယ်တွေ၊ ဟာသတွေနဲ့ တစ်ဦးချင်းရဲ့ကိုယ်ရည်ကိုယ်သွေးတို့ကိုပါ ကိုယ်စားပြုနိုင်ပါတယ်။

ABC Open and First Languages Australia ၏ “မိခင်ဘာသာစကား (Mother Tounge) [4]” စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဤဗီဒီယိုသည် အသုံးပြုသူ လူတစ်ထောင်အောက်သာ ရှိတော့သော တိမ်ကောပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိသော ကူကတ်ဂျာ (Kukatja) [5] ဟူသည့် ဒေသသုံးဘာသာစကားကို မြှင့်တင်ပေးရန်လည်း ရည်ရွယ်သည်။ ဗီဒီယိုထဲတွင် အမျိုးသမီးများ သရုပ်ဖော်ပြသည့် လက်ဟန်သင်္ကေတ တစ်ခုစီတိုင်းအတွက် ကူကတ်ဂျာ ဘာသာစကားဖြင့် စာတန်းထိုးပါရှိပြီး အင်္ဂလိပ်ဘာသာစကားနှင့်လည်း ဘာသာပြန်ထားပေးပါသည်။

ဒေသခံအမျိုးသမီးများနှင့် တွဲဖက်၍ အဆိုပါ ဗီဒီယိုကို ဖန်တီးရာတွင် [6] မည်မျှ ပျော်ရွှင်ဖွယ်ရာကောင်းခဲ့ကြောင်းကို လမ်းပရေး က ဘလော့ပိုစ့်တစ်ခုတွင် ရေးသားခဲ့သည်။

ဗီဒီယိုထဲတွင် ပါ၀င်ခဲ့သရုပ်ဖော်ခဲ့သူ အမျိုးသမီးကြီးများထဲမှ ပရီ ပရီ နှင့် မနာရာ [7] တို့သည် ဒေသခံဘဝတွင်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါ၀င်ကြသည်။ ကပုလုလန်ဂူ အမျိုးသမီးများ ဥပဒေနှင့် ယဉ်ကျေးမှုစင်တာ အဖွဲ့ဝင်များဖြစ်ကြသည့် ယင်းတို့နှစ်ဦးသည် ရပ်ရွာဒေသအတွင်း ရှေ့လမ်းစဉ်များကို ချမှတ်နိုင်ရန် ဆုံးဖြတ်ရာတွင်လည်း အရေးပါသူများ ဖြစ်သည်။ စင်တာ၏ ၀က်ဘ်ဆိုဒ်တွင် [8] ရေးသားထားသည်မှာ “ကပုလုလန်ဂူ တွင် ဖြစ်သမျှ ပျက်သမျှသည် သက်ကြီးသူများ မရှိပဲနှင့် ဖြစ်မလာနိုင်” ဟူ၍ ဖြစ်သည်။

Kapululangu’s Elders were born in the desert, and grew up and were trained in the Old Ways before the arrival of Kartiya/non-Indigenous people in their ancestral countries. This makes them custodians of an immense wealth of stories,skills and cultural knowledge. They want to share this wealth […] The Elders want their young people to grow up strong and resilient, proud of and knowledgeable in the ways of their people, secure in their peoples’ Law and Culture knowledge, so that they can better cope with the changing world. A peoples’ own Law and Culture is the glue that holds life together.

သက်ကြီးရွယ်အိုများသည် ကာတီယာ ခေါ် ဒေသခံတိုင်းရင်းသား မဟုတ်သည့်သူများ ၄င်းတို့ဘိုးဘွားပိုင်နေရာဒေသများသို့ မရောက်ရှိလာခင်ကတည်းက သဲကန္တရထဲတွင် မွေးဖွားကြီးပြင်းခဲ့ပြီး ရှေးကနည်းလမ်းဟောင်းများအတိုင်း လေ့ကျင့်သင်ကြားပေးခံခဲ့ရသူများဖြစ်သည်။ ထို့အတွက်ကြောင့် ၄င်းတို့သည် ကြွယ်ဝလှသော ယဉ်ကျေးမှု အမွေအနှစ်များ၊ ကျွမ်းကျင်မှု စွမ်းရည်များနှင့် သမိုင်းကြောင်းပုံပြင်တို့ကို လက်ဆင့်ကမ်း သယ်ဆောင်ထိန်းသိမ်းသူများ ဖြစ်ကြသည်။ ဤကြွယ်ဝမှု ၄င်းတို့က ဝေမျှလိုသည် […] သယ်ကြီးရွယ်အိုများအနေဖြင့် လူငယ်များကို စိတ်ဓါတ်ကြံ့ခိုင် သန်စွမ်းစေလိုကြပြီး မိမိတို့လူမျိုးစုအတွက် ဂုဏ်ယူကာ လူမျိုးစုသမိုင်းကို ကောင်းစွာသိရှိသောသူများ ဖြစ်စေလိုကြသည်၊ လူမျိုးစု၏ ဥပဒေနှင့် ယဉ်ကျေးမှုအောက်တွင် လုံခြုံစွာကြီးပြင်းလာရင်း ပြောင်းလဲလာသော ကမ္ဘာကြီး၏ သဘောတရားတို့ကို ကြံ့ကြံ့ခိုင်နိုင်သူများ ဖြစ်စေလိုကြသည်။ လူမျိုးစုတစ်စု၏ ကိုယ်ပိုင် ဥပဒေနှင့် ယဉ်ကျေးမှုသည် လူပေါင်းများစွာတို့ကို အတူတကွပေါင်းစည်းစေသော အရာများ ဖြစ်သည်။

၄င်းတို့၏ ကိုယ်ပိုင်သမိုင်းကြောင်း ပုံပြင်များကို ကိုယ်ပိုင်ဘာသာစကားဖြင့် ပြောပြနိုင်ရန် စိတ်အားထက်သန်စွာ အကူအညီပေးခဲ့ကြသော ဒေသခံ ဗီဒီယိုထုတ်လုပ်သူများနှင့် ပူးပေါင်းရင်း ၄င်းတို့သည် မိမိတို့၏ အသိပညာကြွယ်ဝမှုကို အနာဂါတ်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းဝေမျှနိုင်ရန် ကြိုးပမ်းနေကြသူများ ဖြစ်ပါတော့သည်။