- Global Voices မြန်မာ - https://my.globalvoices.org -

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သေဆုံးမှု၏ အဓိက အကြောင်းတရားသည် သင့်ကို အံ့အားသင့် စေမည်

အမျိုးအစားများ: ကျန်းမာရေး, ပတ်ဝန်းကျင်, ပြည်သူသတင်း, ဖွံ့ဖြိုး​တိုးတက်​မှု
ဘာကီနာ ဖာဆို နိုင်ငံ ဂွာမာ ပြည်နယ် ဖာဒါငဂေါ်မာရှိ မြေဖို့ထားသော အမိုက်သရိုက်များကို မီးရှို့ခြင်း။ Photo by Flickr user lepetitNicolas. CC-BY-NC-SA 2.0 [1]

ဘာကီနာ ဖာဆို နိုင်ငံ ဂွါမာ ပြည်နယ် ဖာဒါငဂေါ်မာရှိ မြေဖို့ထားသော အမိုက်သရိုက်များကို မီးရှို့ခြင်း။ Photo by Flickr user lepetitNicolas. CC-BY-NC-SA 2.0

ရစ်ချတ် ဖူလာ Richard Fuller [2] ရေးသားသော ဤ ဆောင်းပါးကို ပထမမူလတွင် Ensia.com [3] ၌ ထုတ်ဝေခဲ့သည်။ Ensia.com သည် နိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းနည်းများ နှင့် လုပ်ဆောင်မှုများကို မီးမောင်းထိုးပြနေသော မဂ္ဂဇင်းတစ်ခု ဖြစ်သည်။ ကမ္ဘာ့အသံတွင် စာမူဝေမျှခြင်းသဘောတူညီမှုအရ ပြန်လည်  ဖော်ပြခြင်းဖြစ်ပါသည်။

ဝင်ငွေ အလယ်အလတ် နှင့် နည်းပါးသော နိုင်ငံများတွင် သေဆုံးမှု၏ အဓိက အကြောင်းရင်းသည် ဘာပါလဲ။

(က) အဟာရ မမျှတမှု နှင့် အာဟာရချို့တဲ့မှု

(ခ) တီဘီ၊ ငှက်ဖျားရောဂါ နှင့် HIV / AIDS

(ဂ) ပတ်ဝန်းကျင် ညစ်ညမ်းမှု

သင် အဖြေ (ဂ) ကို မှန်းလိုက်ပါသလား။ ဒါဆိုရင်တော့ မှန်ပါတယ်။ ညစ်ညမ်းသော မြေဆီလွှာ၊ ရေထုနှင့် လေထု (အိမ်တွင်း နှင့် ပြင်ပ ပတ်ဝန်းကျင်နှစ်မျိုးလုံး) နှင့် ထိတွေ့ နေထိုင်ခြင်းတို့သည် ၂၀၁၂ ခုနှစ်တွင် ယင်းနိုင်ငံများတွက် လူဦးရေ ၈.၄ သန်းကို သေဆုံးစေခဲ့သည်။

၄င်း စာရင်း အရေအတွက်ကို နောက်တစ်မျိုး စဉ်းစားသုံးသပ်ကြည့်မည်ဆိုပါက ထို ၈.၄ သန်းသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံး ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးသူဦးရေ  စုစုပေါင်း ၉ သန်း ဝန်းကျင်ထဲမှ အရေအတွက် ဖြစ်သည်။ နောက်တစ်မျိုး ပြောရသည်ဆိုသော် သဘာဝ ပတ်ဝန်းကျင် ပြသနာသည် ချမ်းသားသော နိုင်ငံများ၏ ပြဿနာမဟုတ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများကြီး သက်ရောက်နေသော ပြဿနာ တစ်ခုဖြစ်သည်။

အလုံးစုံ ခြုံကြည့်လိုက်မည် ဆိုပါက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization) စာရင်းဇယား အရ  ၂၀၁၂ ခုနှစ်တွင် လူဦးရေ ၅၆ သန်း သေဆုံး [4]သည်ဟု ဆိုသည်။ ၄င်းအရေအတွက်သည် ကားမတော်တဆမှု၊ အသက်ကြီးရင့်ခြင်း၊ ကင်ဆာ၊ ဆေးရုံ အမှားအယွင်းများ၊ မိုးကြိုးပစ်မှု၊ ကူးစက်ရောဂါများ၊ လေထီးပျက်ကျခြင်း၊ စစ်ပွဲ တို့မှ အစ အခြား ဖြစ်နိုင်သမျှ အမှုမှုတို့ အဆုံး  တကမ္ဘာလုံးပေါ်ရှိ သေဆုံးသူအားလုံး ပါဝင်သည်။ သို့ဆိုလျှင် ပတ်ဝန်း ညစ်ညမ်းမှုသည် ထိုလူ ခုနစ်ဦးလျှင် တစ်ဦးနီးပါးမျှ သေစေခဲ့ခြင်း ဖြစ်သည်။

သေဆုံးမှု ၃.၇ သန်းသည် ညစ်ညမ်းသော ပြင်ပ လေထုကြောင့်ဟု ဆိုနိုင်သည်။ အခြား လူဦးရေ ၄.၇  သန်းသည် အိမ်တွင်းလေထုထဲရှိ မီးဖိုချက်ပြုတ်ရာ ကဲ့သို့သော နေရာများမှ ထွက်လာသော အမှုန်အမွား ညစ်ညမ်းမှုများနှင့် ထိတွေ့ခြင်းကြောင့် သေဆုံးကြသည်။ အခြား ၁ သန်း ဝန်းကျင်မှာတော့ ညစ်ညမ်းရေ၊ မြေဆီလွှာ နှင့် ဓာတုပစ္စည်းများကြောင့် သေဆုံးကြသည်။ ၈ သိန်း ၄ သောင်း ဝန်းကျင်မှာတော့ ဆိုးရွားသော သန့်ရှင်းမှု ရေဆိုးနုတ်စနစ်များ၏ အခြေအနေကို မလွန်ဆန်နိုင်သောကြောင့် ဖြစ်သည်။ မြေဆီလွှာ စာရင်း အချက်အလက်များမှလွဲ၍ အထက်ဖော်ပြပါ အချက်အလက်များအားလုံးသည် WHO၏ အင်တာနက် စာမျက်နှာ နှင့် ကွန်ပျူတာ စာရင်းပြုစုမှုများမှ ထုတ်နုတ်ထားခြင်း ဖြစ်သည်။ မြေဆီလွှာ စာရင်း အချက်အလက်များ (ပေါ့လျှော့တွက်ထားပုံရှိ) ကိုတော့ Global Alliance for Health and Pollution [5] (ကမ္ဘာ့ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပူးပေါင်းအဖွဲ့) ၏ လတ်တလော စာရင်းအသစ်များမှ ရယူထားခြင်း ဖြစ်ပါသည်။

ထို နှစ် (၂၀၁၂) ထဲတွင်ပင် လူ ၆၂၅၀၀၀ သည် ငှက်ဖျားကြောင့် သော်လည်းကောင်း ၁.၅ သန်းသည်  HIV / AIDS ရောဂါ နှင့် သော်လည်းကောင်း ၉၃၀၀၀၀ သည် အဆုတ်နာ တီဗီရောဂါကြောင့် သော်လည်းကောင်း သေဆုံးခဲ့သည်။ ယင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု သေဆုံးသူဦးရေ၏ သုံးပုံတစ်ပုံမျှသာ ဖြစ်သော်လည်း ၄င်း ကြောက်မက်ဖွယ် ရောဂါသုံးမျိုး တိုက်ဖျက်ရေး ဦးဆောင် အဖွဲ့များသည်  နိုင်ငံတကာ ထောက်အပံ့အဖွဲ့များ နှင့် အစိုးရများမှ တစ်နှစ်လျှင် ဘီလီယံ ၂၀ ကျော်ကို ငွေကြေးထောက်ပံ့မှု ရရှိကြသည်။

တဖြည်းဖြည်း မသိမသာ

ပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ တိုက်ရိုက် သို့မဟုတ် လျှင်မြန်စွာ သေစေနိုင်သည်မှာ ရှားပါးသည်ကို သတိပြုမိဖို့ အရေးကြီးပါသည်။ ယင်းအစား ၄င်းသည် နှလုံးရောဂါ၊ ရင်ဘတ် ကူးစက်ရောဂါ၊ ကင်ဆာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ သို့မဟုတ် ဝမ်းရောဂါတို့ကို ဖြစ်စေနိုင်သည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုသည် ဓာတ်ကူပစ္စည်းတစ်ခု အဖြစ်နေပြီး၊ အထက်ဖော်ပြပါ ရောဂါများ၏ ပုံမှန် ဖြစ်ပွားနိုင်ခြေကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။ ထိုအချက်ကြောင့် WHOသည် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းအား အန္တရာယ်ရှိ အချက်တစ်ချက်အဖြစ် သတ်မှတ်ပြီး ၄င်းအား အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အာဟာရ မမျှတမှု၊ သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်း နည်းပါးမှုတို့နှင့်အတူ ကျန်းမာရေးကို ခြိမ်းခြောက်သော အရာတစ်ခုအဖြစ် တန်းတူ သတ်မှတ်သည်။သို့သော် ပတ်ဝန်းကျင် ညစ်ညမ်းမှုသည် ထို အန္တရာယ် အချက်များ၏ ရှင်ဘုရင်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် မည်သည့်အခြေအနေတွင်မဆို ၎င်း၏ သေဆုံးမှုနှုန်းသည် အခြားမည်သည့် အန္တရာယ် အချက်များ၏ အရေအတွက်ကိုမဆို သေးငယ်သွားစေသည်။

၄င်းသည် မည်မျှ ဆိုးဝါးနိုင်သည်ကို မြင်ယောင်ကြည့်ဖို့ ခဲယဉ်းပါသည်။ သို့ပေလည်း ဤလို အဖြစ်မျိုးကို မြင်ယောင်ကြည့်ပါ။

သင်နှင့် သင့်မိသားစုသည် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု၏ ဆောက်လုပ်ရေးနေရာ အနီးအနားမှ စွန့်ထုတ်သော ပစ္စည်းများနှင့် စုဆောင်း တည်ဆောက်ထားသည့် တဲကုပ်ကလေးထဲရှိ ဖုန်ကြမ်းပြင်ပေါ်မှ နေ့စဉ် နိုးထ လေ့ရှိသည်။ သင်၏ ခင်ပွန်းသည် ဆိုးဆိုးရွားရွား လည်ပတ်နေသော ပိုးသတ်ဆေးစက်ရုံထဲတွင် ဓာတုပစ္စည်းများကို စီသော အလုပ်ကို တစ်ပတ်လျှင် နာရီ ၇၀မျှ အလုပ်လုပ်သည်။ လတ်တလော သူ အိမ်ပြန်လာတော့ သွေးချောင်းဆိုးသည်။ သူက တစ်ပတ်နှင့် တစ်ပတ် ပိုပိန်လာပြီး ပိုပင်ပန်း လာသည်။  ဒါကြောင့် သင် သူ့ကို ရပ်တန့်ဖို့ ပြောချင်ပေမဲ့လည်း သင်မည်သို့ ပြောနိုင်မလဲ။ သူ့ ချွေးနဲစာနှင့် ရှာထားသော တစ်ပဲတစ်ပြားဟာ သင့်ရဲ့ကလေးတွေကို ကျွေးနေသည့် တစ်ခုတည်းသော အရာဖြစ်သည်။

ဤသို့နှင့် သင်သည် သင်၏ ပလပ်စတစ်ရေပုံးကို ဆွဲကာ အနီးပတ်ဝန်းကျင်ရှိ ရေကန်ကို သွားလေသည်။ ရေကန်ထဲမှ သင်ဆွဲလိုက်သော ရေသည် အညိုရောင်သန်းနေပြီး လူ့ စွန့်ပစ်ပစ္စည်းများ၏ ပုပ်စော်နံနေပေမဲ့ အခြားသောက်စရာ ဘာမှမရှိ ဖြစ်နေသည်။ သင်သည် ပိတ်ပါးရေစစ်ဖြင့် စစ်သော်လည်း သိပ်များများ ကောင်းမလာချေ။ ဤအတောအတွင်း သင့်၏ ဆင်းရဲသောရပ်ကွက်နားရှိ အစိုးရက လတ်တလော ချိတ်ပိတ်ထားသော စက်ရုံသည် ပြန်လည် လည်ပတ်နေသည် – သို့သော် ညဥ့်အခါမှသာ လည်ပတ်သည်။ ယင်း၏ မီးခိုးခေါင်းတိုင်သည် မီးခိုးထူများ အုပ်လိုက် မှုတ်ထုတ်နေပြီး သူတို့ ဘာတွေကို ရှို့နေသလဲကို သင်မည်သို့မျှပင် မသိနိုင်။ ပြီးခဲ့သည့်အပတ်က သင်၏ အကြီးဆုံးကလေးသည် ညဘက်တွင် ချောင်းပြန်ဆိုး လာပြန်သည်။ သင်၏ တခြား ကလေးများအားလုံးကတော့ ချူချာနေပြီး အခြေခံကျပြီး လွယ်ကူသော အယူအဆ များကိုပင် နားလည်သင်ယူဖို့ နှေးကွေးသည်။ မိတ်ဆွေများ သို့မဟုတ် မိသားစုဆွေမျိုးများသည်လည်း သင့်ကို မည်သို့မျှ မကူညီနိုင်။ အဘယ့်ကြောင့်ဆိုသော် သင့်ရပ်ကွက်အတွင်း လူတိုင်းနီးပါးသည် တူညီသော ပြဿနာများ ရှိနေကြေသောကြောင့် ဖြစ်သည်။

ကျွန်တော်တို့၏ စီးပွားရေး စနစ်သည် တကမ္ဘာလုံးနှင့် ချိတ်ဆက်သက်ရောက်နေသလို ၄င်းမှ ထုတ်ပေးသော ညစ်ညမ်းမှုများသည်လည်း ထို့အတူပင်ဖြစ်၏။

သင်သည် အဆိပ်သင့်နေသော ဆင်းရဲသူများအထဲမှ တစ်ဦးဖြစ်ကာ သင့်၏ အသံကို ထုတ်ဖော်နိုင်စွမ်းလည်းမရှိ၊ မျှော်လင့်ချက်လည်းမရှိ ဖြစ်သည်။ ဖြစ်ပေါ်နေသော အခြေအနေများကို ဆန့်ကျင်ဖို့ ချမှတ်ပေးထားသော ဥပဒေများတော့ ရှိချင်ရှိမည် သို့သော် တခုကိုမှ ထိရောက်စွာ ကျင့်သုံးခြင်းလည်း မရှိ။ ရှိသမျှ အကုန် ကောက်သိမ်းပြီး တခြားမြို့သို့ ပြောင်းသွင်းရန်မှာလည်း မလွယ်၊  လက်ရှိ အတိုင်းအတာအထိ ရောက်အောင် အချိန်အများကြီးယူပြီး မနည်း ထူထောင်ခဲ့ရသည် မဟုတ်လား။ ပြီးတော့ ဘယ်ကိုသွားရ မှာလဲ။ ကျေးရွာတိုင်းလိုလို ဤအခက်အခဲကို ထပ်တူခံစားနေရသည်။ ကမ္ဘာပေါ်ရှိ အခြား နွမ်းပါးသော ဒေသများကဲ့သို့ပင် သင်သည်လည်း အစဥ်တစိုက် အပြိုင်အဆိုင် ဖြစ်ပေါ်နေသော ကြီးထွားဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးထဲတွင် အသုံးချခံနေသူလို ဖြစ်နေသည်။

ကျွန်တော်တို့ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင် မလဲ။

ကျွန်တော်တို့၏ စီးပွားရေး စနစ်များသည် တကမ္ဘာလုံးနှင့် ချိတ်ဆက်သက်ရောက်နေသလို ၄င်းမှ ထုတ်ပေးသော ညစ်ညမ်းမှုများသည်လည်း ထို့အတူပင်ဖြစ်၏။ တရုတ်နိုင်ငံမှ ထုတ်လွှတ်သော ညစ်ညမ်းသောလေထုကို ယခု အခြား နိုင်ငံများတွင် တိုင်းတာတွေ့ရှိပြီ ဖြစ်သည်။ ရွှေတူးဖော်ခြင်း နှင့် ကျောက်မီးသွေးစက်ရုံများမှ ထွက်လာသော ပြဒါးများကို ကျွန်ုပ်တို့စားသုံးသော ငါးများတွင် တွေ့ရှိနိုင်ပြီး အာဆင်းနစ် (အဆိပ်စိန်)ကို ဆန်ထဲ၌ တွေ့ရှိနေရသည်။

ညစ်ညမ်းမှု အလွန်များပြားစွာ စွန့်ထုတ်သော စက်မှု လုပ်ငန်းကြီးများသည် ဓာတုပစ္စည်းများကို စီမံခန့်ခွဲရန် နှင့် မြှပ်နှုံရန် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဥ်းဥပဒေများ ချမှတ်မှု အားနည်းပြီး နည်းပညာ နည်းပါးသည့် ဆင်းရဲသော နိုင်ငံများသို့ ပြောင်းရွေ့ကြသည်။ စင်ကြယ်သော နည်းပညာများနှင့် အစိမ်းရောင် ဖွံ့ဖြိုးကြီးထွားမှုသည် ထွန်းသစ်စ စီးပွားရေးနှင့် နိုင်ငံများအဖို့ ပြုလုပ်မည်ဆိုပါက  အလားအလာရှိပြီး ကျွန်ုပ်တို့အားလုံးကို အန္တရာယ်ကျစေမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လာမည့် အနာဂတ် ဆယ်စုနှစ်များစွာအတွင်း ကာကွယ်တားဆီးမည် ဆိုပါက ဖြစ်နိုင်ပါသည်။ အနောက်တိုင်း နိုင်ငံများသည် ၄င်းတို့၏ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ရှင်းလင်းသန့်စင်ရာတွင် အောင်မြင်မှုရခဲ့ကြပြီဖြစ်ပြီး ယခုတွင် ထိုနည်းပညာနှင့် ငွေကြေးထောက်ပံ့မှုကို အလယ်အလတ် နှင့် နည်းပါးသော ဝင်ငွေရှိသည့် နိုင်ငံများသို့ လွှဲပြောင်းပေးနိုင်သည်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်တားဆီးရေးနှင့် ရှင်းလင်းသန့်စင်ရေးကို ဦးစားပေးပြုလုပ်ခြင်းသည် လူ့အသက်များကိုကယ်တင်ရုံတင်မက ရာသီဥတုပြောင်းလဲမှုကိုလည်း လျော့ပါးစေပြီး ဇီဝမျိုးစုံ ထွေပြားမှုအား ခြိမ်းခြောက်မှုများကိုလည်း လျော့ချ နိုင်လိမ့်မည်။ အဓိက နိုင်ငံတကာ အဖွဲ့အစည်းကြီးများ၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များကို ရုတ်တရက် ကြည့်လိုက်ပါက ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၏ အကျိုးသက်ရောက်မှုကို မထောက်ထားပဲ ၄င်းအပေါ်  ဦးစားပေးမှု အလွန်နည်းပါးသည်ကို မြင်ရသည်မှာ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ပါသည်။ ဤအချက်၏ ဖြစ်နိုင်ဖွယ်ရာ အကြောင်းအရင်းကတော့ အသိသတိနှိုးကြားမှု နည်းပါးတာ ဖြစ်နိုင်သလို ဤရှုပ်ထွေးသော ပြဿနာအစုံလိုက်ကို မည်သို့ စတင် ကိုင်တွယ် ဖြေရှင်းရမည်ကို မသိခြင်းလည်းဖြစ်နိုင်သည်။

အရေးကြီးဆုံး အချက်တစ်ခုကတော့ ကမ္ဘာ့ ကုလသမဂ္ဂ၏ လက်ရှိ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Millennium Development Goals)  ယခုနှစ်တွင် ကုန်ဆုံးပြီးနောက် အနာဂတ် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ ရရှိအောင် ပြုလုပ်ရမည်ကို ရှေးရှုနေသော ကုလသမဂ္ဂ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (United Nations’ Sustainable Development Goals [6]) တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြသနာကို ပါဝင်အောင်
သေချာစေဖို့ ဖြစ်သည်။ လက်ရှိမူကြမ်းတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု တိုက်ဖျက်ရေးကို ကျန်းမာရေးနှင့် ပက်သက်သော ရည်မှန်းချက် ပန်းတိုင်ထဲမှာသာ ပါဝင်ထားသော်လည်း ၄င်းကို  သီးသန့် ရည်မှန်းချက် တစ်ခုအနေဖြင့် ပါဝင်မထားပါ။ ထိုစာတမ်း (ရည်မှန်းချက်ပန်းတိုင် အပိုဒ်ခွဲ ၃.၉) သည် လောလောဆယ်တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု မည်သည့်အမျိုးအစားထံမှမဆို ဖြစ်ပေါ်လာသော သေခြင်းနှင့် မသန်စွမ်းမှုကို လျှော့ချရန် တောင်းဆိုထားသည်။ ဤစာများသည် နောက်ဆုံး အတည်ပြုမည့် စာတမ်းတွင် ပါဝင်ရန်လိုအပ်သည်၊ အဘယ့်ကြောင့်ဆိုသော် SDGs လာမည့်နှစ်များတွင် နိုင်ငံတကာနှင့် နိုင်ငံတော်အလိုက် ကြိုးပမ်းအားထုတ်မှုများကို သတ်မှတ်သွားနိုင်သောကြောင့် ဖြစ်သည်။

The Global Alliance on Health and Pollution [5] (ကမ္ဘာ့ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပူးပေါင်းအဖွဲ့) သည် ဝင်ငွေ အလယ်အလတ် နှင့် နည်းပါးသော နိုင်ငံများသို့  အဓိက ဦးစားပေးရမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်း လှုံ့ဆော်လျက် ရှိသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု၏ အပေါ် ပုံစံမျိုးစုံဖြင့် ပညာပေးရုံသာမက GAHPသည် နိုင်ငံများကို

ဤ ကျန်းမာရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းပညာနှင့် အသိပညာများသည် ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် ရှိပြီးဖြစ်သည်။ ဖြေရှင်းနည်းများကို ဝင်ငွေ အလယ်အလတ် နှင့် နည်းပါးသော နိုင်ငံများတွင် အနောက်တိုင်းနိုင်ငံမှ အသုံးစရိတ် အနည်းငယ်ကိုပင် သုံး၍ အကောင်အထည်ဖော်နိုင်ကာ စက်မှုလုပ်ငန်း တည်ထောင်ခြင်းများမှ အမွေဆိုးဖြစ်သော အဆိပ်အတောက် အညစ်အညမ်းများကို ကိုင်တွယ်ဖြေရှင်း၍ ရသည်။

အဓိက ဆိုလိုသည်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုသည် ရှောင်လွှဲ၍မရသော အရာ မဟုတ်။ ယင်းသည် ကျွန်ုပ်တို့၏ တသက်တာအတွင်းမှာ ဖြေရှင်း၍ ရသော ပြဿနာတစ်ခုသာ ဖြစ်သည်။

ရစ်ချတ် ဖူလာ (Richard Fuller) သည် သန့်စင်သော ကမ္ဘာမြေကြီး Pure Earth [7] (ယခင် Blacksmith Institute)၏ ဥက္ကဌဖြစ်ပြီး Global Alliance for Health and Pollution [8] ကို စတင်တည်ထောင်သူ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။  သူသည် @BlacksmithInst [9] လိပ်စာဖြင့် twitter သုံးသည်။