မဒဂါစကားမှာ လည်ချင်တာလား
Lova Rakotomalala Chan Myae KhineWeblog
မဒဂါစကားသို့ ယခုမှ အလည်အပတ်ရောက်ရှိသူများအတွက် အများပြည်သူသုံးယာဉ်များနှင့် သွားလာလည်ပတ်ရန်မှာ အခက်အခဲတစ်ခုဖြစ်နိုင်သည်။ စတုရန်းကီလိုမီတာ ငါးသိန်းကိုးသောင်းရှိသော နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးအနေအထားမှာလည်း အိုမင်းဟောင်းနွမ်းနေပြီး ဖွံ့ဖြိုးမှု နိမ့်နေသည်။ ရထားလမ်းကို တိုးချဲ့ဖောက်ထွင်နေသော်လည်း မြို့အများစုသို့ လမ်းမပေါက်သေးပေ။
မြို့လယ်ခေါင်နေရာများတွင်မူ အများပြည်သူသုံးယာဉ်များဟူ၍ အလွန်အမင်းပြည့်ကျပ်နေသော ဘတ်(စ်)ကားများနှင့် ဗဲန်ကားအသေးစားများသာရှိပြီး မြို့တွင်းရထားလမ်းမှာ မြို့တော်ဖြစ်သော အန်တာနာနာရီဗိုတွင်သာ ဆက်ဖောက်နေသည်။
အများပြည်သူသုံးယာဉ်များနှင့် ပတ်သက်သည့်ပြဿနာမှာ မြို့တော်တွင် လူသိပြီးသား ပြဿနာတစ်ခုဖြစ်သည်။ ထိုမြို့တော်တွင် လူနှစ်သန်းခန့် နေထိုင်ပြီး မှန်းခြေအရ ကားအစီးရေစုစုပေါင်း ၁၁၀၀၀၀ ရှိသည်။ မြို့တွင်းလမ်းများမှာ များသောအားဖြင့် အောက်ပါပုံတွင် မြင်ရသကဲ့သို့ပင် ပိတ်ကျပ်နေလေ့ရှိသည်။
Vive Madagascarရိုက်ကူးထားသော ဗီဒီယိုတစ်ခုတွင်လည်း မြို့တွင်းခရီးသွားလာမှုအခြေအနေအား မှတ်တမ်းတင်ထားသည်။
ဤကဲ့သို့သော ယာဉ်ကြောပိတ်မှုမှာ မြို့ပြလူထုအတွက် အလွန်ဆိုးဝါး၍အန်တာနာနာရီဗို အစိုးရက မြို့တော်၏လူနေအထူထပ်ဆုံး တောင်နှစ်လုံးအကြားတွင် ကောင်းကင်ကားစနစ်[fr] ထည့်သွင်းတပ်ဆင်ရန် ကြီးကြပ်ကြည့်ရှုနေသည်။
ဒီစနစ်က မြို့အပေါ်ခြမ်းနဲ့ မဟာမစိနမြို့နယ်နှစ်ခုကို ဆက်သွယ်ပေးသွားမှာပါ။ ဒါပေမဲ့ မြို့တော်ဝန်က ဘယ်တော့စလုပ်မယ်ဆိုတာနဲ့ ဘဏ္ဍာရေး ကုန်ကျစရိတ်အသေးစိတ်ကို မပေးသေးပါဘူး။ မြို့ပြကကောင်းကင်ကားစနစ်ကို ရွေးတာနဲ့ ပတ်သက်ပြီးကတော့ လပက်(ဇ်)မှာ အဆင်ပြေတိုးတက်နေတဲ့ စနစ်ကိုကြည့်ပြီး ဒီမြို့တော်မှာလည်း လုပ်ရင်ကောင်းမယ်လို့ တွေးမိသွားတာပါ။
ဖြစ်နိုင်သည့် ကုန်ကျစရိတ်နှင့် (ခန့်မှန်း လပက်(ဇ်)တွင် ယူရိုငွေ ၁၆၆သန်း (သို့) အမေရိကန်ဒေါ်လာ သန်း ၂၃၀ကုန်ကျ) ထူပြောသော ဆင်းရဲမှုကြောင့် လူအများစုက ထိုကဲ့သို့သော စီမံကိန်းမျိုး ဆောင်ရွက်ရန်မှာ သင့်လျော်၏လောဟု တွေးတောနေကြသည်။ မာ့(ခ်) ဟာမဲ(လ်)က ရေးခဲ့သည်မှာ[fr]၊
ကျွန်တော်တို့အနေနဲ့ ကောင်းကင်ကားတွေဆောက်ဖို့ထက် ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်တွေကို ဘယ်လိုသန့်ရှင်းရမလဲ၊ လူသားသိက္ခာနဲ့ ပိုကိုက်မယ့် နေရာတွေကို ဘယ်လိုရွှေ့ပြောင်းပေးရမလဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုပေးရမလဲနဲ့ သူတို့ကလေးတွေကို ဘယ်လိုပညာသင်ပေးရမလဲဆိုတာတွေ စလုပ်သင့်တာမဟုတ်ဘူးလား။
မဒဂါစကားရှိ အများပြည်သူသုံးယာဉ်စနစ်
အကယ်၍ ယာဉ်ကြောပိတ်ဆို့မှုသည် မြို့တော်များရှိ အဓိက ပြဿနာဖြစ်နေလျှင် ပြည်နယ်ဆက်သွယ်လမ်းများကိုလည်း အကြီးစားပြင်ဆင်မှုများ လုပ်ရန် လိုအပ်နေပေသည်။ Madagascar Tribuneမှာ ဘစ်(လ်)က လုပ်ဆောင်စရာ အများအပြားရှိနေကြောင်း[fr]ကို ရေးသားခဲ့သည်။
နောက်ခြောက်လအတွင်းမှာ မဒဂါစကားတစ်လျှောက် ၁၁၇၀၀ ကီလိုမီတာရှည်တဲ့လမ်းတွေကို ပြင်ဖို့လိုပါတယ် […] ယူတီအို [အရေးပေါ်လုပ်ငန်းရုံး]က အမြန်ဆုံးပြင်ဖို့ လိုနေတဲ့ လမ်းတွေနဲ့ သဘာဝဘေးကြောင့်ပျက်စီးသွားတဲ့ လမ်းတွေကို ယာယီပြင်ဖို့ကို ဦးစီးဆောင်ရွက်သင့်တယ်။
လာလာန(မာလဂါစီစကားတွင် လမ်းဟု အဓိပ္ပာယ်ရသည်)ဟူသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းက မဒဂါစကား တိုအာမာစီနာ၏ အဓိကဆိပ်ကမ်းနှင့် မြို့တော်တို့အား[fr] ဆက်သွယ်ထားပေးသည့် RN2 အဝေးပြေးလမ်းမ၏ အခြေအနေကို သတိပေးပြောကြားခဲ့သည်။
Le patrimoine routier du pays se dégrade. La crise politique a complètement chamboulé le mécanisme de financement du programme d’entretien routier et des travaux d’urgence. Des dégâts, laissés par les cyclones qui ont frappé le pays, l’année dernière, ne sont toujours pas réparés à l’heure actuelle. C’est le cas, entre autres, de la route nationale 2, reliant Antananarivo à Toamasina. Plusieurs mini-éboulements, des portions de route emportées par les torrents
နိုင်ငံတစ်ဝန်းမှာရှိတဲ့ လမ်းတွကေ ပျက်စီးယိုယွင်းနေပါပြီ။ နိုင်ငံရေးကပ်ဆိုက်တာက လမ်းတွေကို ထိန်းသိမ်းဖို့နဲ့ အရေးပေါ်ပြင်ဖို့ လိုတဲ့ အစီအစဉ်တွေအတွက် ဘဏ္ဍာရေးစီးဆင်းမှုကို လုံးလုံးစုတ်ပြတ်သွားစေခဲ့တာလေ။ မနှစ်တုန်းက ဒီနိုင်ငံကို ဝင်ခဲ့တဲ့ ဟာရီကိန်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကိုလည်း မပြင်ရသေးဘူး။ အထူးသဖြင့် ကျောက်တွေပြိုကျတာမြင်နေရတဲ့ အန်တာနာနာရီဗိုကနေ တိုအာမာစီနာကို ဆက်ပေးထားတဲ့ အမျိုးသားအဝေးပြေးလမ်းမ (၂)က အဆိုးဆုံးပဲ။ အဲဒီလမ်းရဲ့ တချို့အပိုင်းတွေက ရေကြီးတုန်းက ပါသွားခဲ့သေးတယ်။
မာဒဂါစကားတစ်ခွင် အများပြည်သူသုံးယာဉ်များကို သုံး၍ ခရီးသွားရခြင်းမှာ ထူးခြားသည့် အတွေ့အကြုံတစ်ခုဖြစ်နေပါသေးသည်။ ငွေကြေးကုန်ကျအသက်သာဆုံးနည်းလမ်းမှာ ဘရောက်စဲတက္ကစီဟုခေါ်သော ကျေးလက်အငှားယာဉ်များအား အသုံးပြု၍ လည်ပတ်ခြင်းဖြစ်သည်။ ဘရောက်စဲတက္ကစီများတွင် ကားအမျိုးအစား အစုံအလင်ရှိပြီး အများစုမှာ အပေါ်ပုံတွင် တွေ့ရသည့်အတိုင်း ဗဲန်ကားအသေးစားများဖြစ်သည်။ မြို့တော်ကထွက်သည်နှင့် “ပေါက်စဲပေါက်စဲ”ဟုခေါ်သော အောက်ပါဗီဒီယိုတွင် တွေ့နိုင်သည့် လန်ချားများနှင့် ဆက်လက်လည်ပတ်နိုင်သည်။
မဒဂါစကားတွင်နေထိုင်သူ ကမ္ဘာ့အသံစာရေးသူတစ်ဦးဖြစ်သည့် အာရီနီအိုက်နာက မဒဂါစကားတွင် လန်ချားများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ အပြောင်းအလဲရှိခဲ့သော်လည်း ဒေသခံအများစုအတွက်မူ လန်ချားသည် အရေးပါသော သွားလာရေးနည်းလမ်းတစ်ခုဖြစ်နေသေးကြောင်း ထောက်ပြခဲ့သည်။
လူကဆွဲပြီးသွားရတဲ့ ဒီလန်ချားကို ခရီးသွားလာဖို့အတွက်သုံးတာကို လူ့အခွင့်အရေးချိုးဖောက်တာဆိုပြီး ယူဆခဲ့ကြပါတယ်။ ဒီတော့ အန်ဆီရာဘဲ [မဒဂါစကားရှိ ဒုတိယအကြီးဆုံးမြို့တော်]က မြို့တော်ခန်းမမှာ “ဆိုက်ကလိုပေါက်စဲ”လို့ခေါ်တဲ့ စက်ဘီးနဲ့ဆွဲတဲ့လန်ချားကို စသုံးခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း “ရိုးရာ” လန်ချားတွေက အန်ဆီရာဘဲ ဒေသခံတော်တော်များများအတွက် အဓိကသွားလာရေးနည်းအနေနဲ့ ဆက်ရှိနေသေးတာပါပဲ။
အများပြည်သူသုံးယာဉ်စနစ်သည် အတိုးတက်မြန်လွန်းသော မာလဂါစီ လူဦးရအေား အမီလိုက်နိုင်ရန် ကြိုးပမ်းနေသည်။ သို့သော် အရေးပါသည့် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များအား ထည့်သွင်းစဉ်းစားလျှင် ထိုသို့ အမီလိုက်နိုင်ရန်မှာ မျှော်လင့်နေရုံသာ ရှိသည်၊ အယုတ်စွဆုံး အချိန်အနည်းငယ်ပေး၍တော့ စောင့်ရပေဦးမည်။