အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းတုတွေက ဘရာဇီး၏ လက်ျာစွန်းရောက် သမ္မတ Jair Bolsonaro ကို အနိုင်ရအောင် လုပ်ပေးလိုက်လေလား

Jair Bolsonaro. Photo by Marcelo Camargo/Agência Brasil via Wikimedia Commons (CC BY 3.0 Brazil)

လက်တင်အမေရိက၏ အကြီးဆုံး ဒီမိုကရေစီသည် အကြမ်းဖက်မှုများ၊ လိမ်လည်မှု ကောလာဟလအဆိုးရွားများနှင့် အွန်လိုင်းမှ မှားယွင်းနေသော သတင်းအချက်အလက်များဖြင့် မဲဆွယ်စည်းရုံးမှုလုပ်နေသော သမ္မတကို ရွေးကောက်မိသည့် အခြေအနေကို ရောက်သွားသည်။

၁၉၉၁ ခုနစ်ကတည်းက ဘရာဇီး၏ အမျိုးသား ဥပဒေပြုလွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်တပ်က ကပ္ပတိန်ဟောင်း၊ လက်ျာစွန်းရောက် PSL ပါတီကိုယ်စားလှယ်လောင်း Jair Bolsonaro သည် တိုးသမျှ တိုးပွားနေသာ သတင်းတုများ၏ အကျိုးပေးမှုများကြောင့် မဲအများဆုံးရ ခေါင်းဆောင်ဖြစ် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရသူများဟာ သမိုင်းအစဉ်အလာအရ ရုပ်မြင်သံကြား ကြော်ငြာများကို အားကိုးအားထားကြရသော ဘရာဇီးနိုင်ငံတွင် Bolsonaro သည် တီဗီတွင် ကြော်ငြာ ၈ စက္ကန့်သာ ဝယ်ထားသော်လည်း သူသည် မဲပေးပွဲ ပထမပိုင်းတွင် မဲစုစုပေါင်း ၄၆ ရာခိုင်နှုန်းဖြင့် သူ၏ ပြိုင်ဘက် လက်ဝဲရောက် အလုပ်သမားပါတီ ကိုယ်စားလှယ်လောင်း Fernando Haddad ကို အနိုင်ရခဲ့သည်။

နောက်ဆုံးရွေးကောက်ပွဲ မဲပေးရမည့်ရက် ၁၀ ရက်အလိုတွင် Bolsonaro ၏ မဲဆွယ်စည်းရုံးရေးသည် WhatsApp ပေါ်တွင် သတင်းများဖြန့်ရန် ဒေါ်လာ ၃ သန်း သုံးစွဲခဲ့သည်ဟု အထောက်အထားများက ပြသည်။

ဘရာဇီး၏ ဥပဒေပြုလွတ်တော်မှနေ သမ္မတဖြစ်မြောက်ရေး လမ်းတစ်လျှောက်တွင် Bolsonaro သည် ကွန်မြူနစ်ဝါဒကို ကြောက်ရွံ့သော ဘရာဇီး လူထု၏ စုပေါင်းစိတ်သဘောထားကို အခြေခံထားသည့် စင်္ကြန်တစ်ခုကို တည်ဆောက်ခဲ့သည်။ တည်ငြိမ်ခဲ့သည်ဆိုသော အတိတ်တစ်ချိန်ကို ပြန်သွားရေးအတွက်ဆိုကာ သူ့၏ စိတ်လိုက်မာန်ပါ မဲစည်းရုံးလှံု့ဆော်ရေးများတွင် မြို့တော်များအတွင်း ရာဇဝတ်မှုကင်းစင်အောင်လုပ်မည်၊ အမျိုးသားနိုင်ငံရေးကို အကျင့်ပျက်ချစားမှုမှ ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည်။

Bolsonaro သည် အမျိုးသမီးများနှင့် လိင်တူချစ်သူများကို မုန်းတီးသော အမြင်များကိုလည်း ပေါ်တင်ထုတ်ဖော်ပြောဆိုသေးသည်။ ဘရာဇီး စစ်အာဏာရှင်စနစ်မှ နှိပ်စက်ညှဉ်းပန်းသူများကိုလည်း ပေါ်တင် အမွှမ်းတင်ပြန်သည်။ သူ၏ နိုင်ငံရေး ပြိုင်ဘက်များကိုလည်း ပစ်သတ်ဖို့ကိုလည်း ပြောဖူးသေးသည်။​ “ဘရာဇီးက လူမှုရေးတက်ကြွလှုပ်ရှားမှုတွေ အားလုံးကို အဆုံးသတ်ပစ်မယ်” ဟုလည်း မကြာခင်က ကြိမ်ဆိုခဲ့ပြန်သည်။
ထို့အပြင် သူရွေးကောက်ပွဲ ရှုံးခဲ့ပါက ရွေးကောက်ပွဲ၏ ရလာဒ်များကို လက်ခံမည်မဟုတ်ဟု လည်း ကြေညာထားပြန်သည်။

သက်သေခိုင်လုံသော Bolsonaro ကို ထောက်ခံကြော်ငြာပေးနေသည့် သတင်းအချက်အလက် အမှားများ

Bolsonaroကို တစ်ဟုန်ထိုး ထောက်ခံနေသော လူထု၏ သဘောထားကို ဖြစ်ပေါ်အောင် ပြုလုပ်ပေးနေသည်သော အရာများထဲတွင် ဖေ့စ်ဘုတ်သည် အထင်ရှားဆုံးပင် ဖြစ်သည်။ ဒေသတွင်း မီဒီယာများနှင့် တစ်ပြည်လုံး မီဒီယာများက Bolsonaro နှင့် အခြား အမတ်လောင်းများ၏ အမြင်အမျိုးမျိုးကို လုံလုံလောက်လောက် ဖော်ပြပေးနေသော်လည်း ဖေ့စ်ဘုတ် နှင့် WhatsApp တို့ပေါ်တွင် ဤလက်ျာစွန်းရောက် Bolsonaro ကို ထောက်ခံကြော်ငြာပေးနေသော အထင်မှားစရာနှင့် အချက်အလက်မှားများပါသော ပိုစ့်များ ယောက်ယက်ခတ်သည်ကို တွေ့ရမည်။

စက်တင်ဘာ ၆ ရက်နေ့၌ လူထုစည်းဝေးပွဲတစ်ခုတွင် Bolsonaro ၏ ပြိုင်ဖက်ကို ထောက်ခံသောသူ တစ်ဦးသည် သူ့ကို ဓားနှင့်ထိုးခဲ့ရာ ဒါဏ်ရာအကြီးအကျယ် ရခဲ့ပြီးနောက်ပိုင်း Bolsonaro ကို ပြင်ပတွင် သိပ်မမြင်ရတော့သော်လည်း သူ၏ မိန့်ခွန်းစကားများသည် ဖေ့စ်ဘုတ် နှင့် WhatsApp ကို သတင်းအဓိက ဖတ်ရန်သုံးကြသော သန်းချီသော ဘရာဇီးနိုင်ငံသားများဆီသို့ ရောက်ရှိနေသည်။ ဖေ့စ်ဘုတ်ကိုလည်း သူကိုယ်တိုင် ဝင်သုံးကာ သတင်းစကားတိုများကို ဖေ့စ်ဘုတ် live ကတဆင့် ထုတ်လွှင့်နေသေးသည်။

ယခုနှစ်အစောပိုင်းက ဖေ့စ်ဘုတ်နှင့် စတင်ပူးပေါင်းလုပ်ဆောင်ခဲ့သော သတင်းမှန်ကန်မှုကို စစ်ဆေးသည့်အဖွဲ့ Agência Lupa သည် ဖေ့စ်ဘုတ်ပေါ်တွင် ဝေမျှနေကြသော ရွေးကောက်ပွဲနှင့် ပက်သက်သော သတင်းဆောင်းပါး ရာပေါင်းများစွာ၏ မှန်ကန်မှုကို ဆန်းစစ်ခဲ့သည်။ ၂၀၁၈ သြဂုတ်လတွင် Agência Lupa တွေ့ရှိခဲ့သည့် လွဲမှားသော အချက်အလက်များနှင့် လူတွေကို လိမ်လည်ရန် ရေးသားထားသော လူကြိုက်များဆုံး ဆောင်းပါး ၁၀ ပုဒ်လုံးသည် Bolsonaro ကို အကျိုးပေးနေသည်။ ၁၀ ခုစလုံးတွင် ပြန်လည်ဝေမျှထားသည့် ကြိမ်ရေ စုစုပေါင်း ၈၆၅,၀၀၀ ရှိပြီး ဤပိုစ့်များတွင် ဒီဂျစ်တယ်နည်းပညာဖြင့် ပြင်ဆင်ထားသော ရုပ်ပုံများမှအစ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာပြင်ပသို့ ဆွဲထုတ်ပြီး အဓိပ္ပာယ်တစ်မျိုးဖြစ်စေမည့် ဗီဒီယိုများအဆုံး အကြောင်းအရာအမျိုးမျိုး ပါဝင်သည်။

Bolsonaro ကိုယ်တိုင်ကပင် ထို ပြန့်နှံ့နေသော ပိုစ့်များထဲမှ တစ်ခုကို နောက်လိုက် ၁.၇၄ သန်းရှိသော သူ၏ကိုယ်ပိုင် Twitter ပေါ်တွင် ပြန်ရှယ်လိုက်သေးသည်။ ထိုပိုစ့်တွင် Bolsonaro ကို သတ်ရန်ခြိမ်းခြောက်နေသော လက်ကိုင်ပိုစတာနောက်တွင် လက်နက်ကိုင်ရပ်နေသော လူတစ်စု၏ ပုံတစ်ပုံဖြစ်သည်။ Agência Lupa မှ​ နောက်ကြောင်းစစ်ဆေးလိုက်သောအခါ ထိုဓာတ်ပုံသည် ၂၀၁၆ ခုနှစ်မှ ဓာတ်ပုံဖြစ်ပြီး လက်နက်ကိုင်ထားသော လူအုပ်စုပုံဖြစ်သော်လည်း လက်ကိုင်ပိုစတာ မပါချေ။ Bolsonaro သည် နောက်ပိုင်း ထိုtweetကို ပြန်ဖျက်ပစ်ခဲ့သည်။

2018 သြဂုတ်လတွင် VICE Brazil မှ ပြုလုပ်သော မှတ်တမ်းရုပ်ရှင်၌ Bolsonaro ကို ထောက်ခံသော WhatsApp အုပ်စုများ၏ အက်မင်အများစုကို လူတွေ့မေးမြန်းခဲ့ရာ ၎င်းတို့ဝေမျှခဲ့သော comment အများစုမှာ Bolsonaro၏ ရုံးများမှ တိုက်ရိုက်လာသည်ဟု ဆိုသည်။ ဤ WhatsApp စကားပြောအုပ်စု (WhatsApp group) အများစုတွင် ဝေမျှကြသော သတင်းအချက်အလက်များစုသည် မည့်သည့်အတိုင်းထိမျှ လူအများအား ရည်ရွယ်ချက်ရှိရှိ လိမ်လည်နေသည်ကို အတည်ပြုရန် ခက်ခဲသော်လည်း ရွေးကောင်ပွဲကာလတွင်း ထိုသတင်းပို့ စင်္ကြန်များပေါ်တွင် ပြန့်နှံနေသော သတင်းအမြောက်အများတွင် အချက်မှားများကို အလွန်အကျုးပါကြောင်း သတင်းအမှန်စစ်သူများက ထောက်ပြခဲ့ကြသည်။

၂၀၁၈ ဇူလိုင်လတွင် ဖေ့စ်ဘုတ်သည် ရှေးရိုးစွဲအဖွဲ့ Movimento Brasil Livre (ဘရာဇီး လွတ်မြောက်ရေး လှုပ်ရှားမှု – MBL)နှင့် ပက်သက်နေသော ဖေ့စ်ဘုတ်စာမျက်နှာ ၁၉၆ မျက်နှာ နှင့် ပရိုဖိုင်း ၈၇ ခုကို တစ်နေရာတည်းမှ ကွန်ယက်ဖွဲ့၍ ဖြန်ဖြူးနေသည်ဟု သံသယရှိသောကြောင့် ၎င်း၏ ပလက်ဖောင်းပေါ်တွင် ပိတ်ပင်ခဲ့သည်။ MBL သည် ၂၀၁၅ ခုနှစ်တွင် သမ္မတဟောင်း Dilma Rousseff ကို စွပ်စွဲပြစ်တင်ဖို့တောင်းဆိုသော ဆန္ဒထုတ်ဖော်မှုများကို ဦးဆောင်ခဲ့ပြီးနောက်ပိုင်း အွန်လိုင်းပေါ်တွင် ရှေးရိုးစွဲအစွန်းရောက်မှု မြင့်တက်လာစေရန် လှံုဆော်ရာတွင် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်လာခဲ့သည်။ ထိုအဖွဲ့၏ ခေါင်းဆောင်အများအပြားသည် Bolsonaro အား သမ္မတလောင်းအဖြစ် ထောက်ပံ့ကြောင်း တရားဝင်ကြေညာခဲ့ကြသည်။

ဘရာဇီး ရွေးကောက်ပွဲဆိုင်ရာ တရားရုံးသည် အရေးယူရန် ကျရှုံးခဲ့သည်

ဤအဖြစ်အားလုံးသည် ဘရာဇီး ထိပ်သီး ရွေးကောက်ပွဲဆိုင်ရာ တရားရုံး (TSE) မှ ရွေးကောက်ပွဲမတိုင်ခင် သတင်းအချက်အလက်အမှားများ အွန်လိုင်းပေါင်တွင် ပြန့်နှံ့ခြင်းကို လျှော့ချရန် ခိုင်မာသော အရေးယူမှုများ ပြုလုပ်ပါမည်ဟု ကတိကဝတ်ပြုထားသည့်ကြားမှပင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၀၁၇ တွင် တရားရုံးသည် ၎င်းကိုယ်တိုင် ကမကထပြု၍ အင်တာနက်နှင့် ရွေးကောက်ပွဲအတွက် အကြံပေးကောင်စီတစ်ခု တည်ထောင်ရန် အစီအစဉ်ရှိသည်ဟု ကြေညာခဲ့သည်။ ကောင်စီသည် သံသယရှိစရာ အကြောင်းအရာများကို အသုံးပြုသူများကိုယ်တိုင် တိုင်ကြားနိုင်ပြီး သတင်းတုများကို တရားဥပဒေကျသော ယန္တယားအတွင်းမှ လျှော့ချနိုင်ရန် အသုံးပြုနိုင်မည့် ကိရိယာတစ်ခုအဖြစ် လုပ်ဆောင်ပေးနိုင်သော အင်တာနက် application တစ်ခုကို ပုံစံဆွဲရာတွင် ကိုယ်တိုင်ကြီးကြပ်ရန် ဖြစ်သည်။

သို့သော် ဤအရေးယူမှုများသည် လက်တွေ့အကောင်အထည် ပေါ်မလာခဲ့ပါ။ ရွေးကောက်ပွဲ တရားရုံးချုပ်သည် သတင်းအချက်အလက်များကို ထိန်းညှိဖို့ရာ လမ်းညွှန်ချက်အသစ်များ ချမှတ်ရန် ညွှန်ကြားချက်များကို ခွင့်ပြုချက်မပေးခဲ့သလို မည်သည့် app (သို့) ဒီဂျစ်တယ် ကိရိယာမျှ အများပြည်သူဆီသို့ ထုတ်ပေးခဲ့ခြင်းမရှိပါ။

ဘာများမှားသွားလဲ

ကောင်စီအဖွဲ့ဝင်များသည် ဤကျိုးပမ်းမှုများ ဘာ့ကြောင့် ကျရှုံးသလဲနှင့် ပက်သက်၍ တစ်ဦးနှင့်တစ်ဦး အမြင်များ ဆန့်ကျင်နေကြသည်။ ကောင်စီ ညှိနှိုင်းဆောင်ရွက်ရေးမှူးနှင့် တရားရုံး အထွေထွေ အတွင်းရေးမှုး Estêvão Waterloo သည် UOL သတင်းဌာန၏ အင်တာနက်စာမျက်တွင် သတင်းတုများက လက်ရှိရွေးကောက်ပွဲအပေါ် သက်ရောက်မှု သိပ်မဆိုးရွားလှပါဘူး ပြောကြားခဲ့သည်။ သူပြောသည်မှာ

လူတွေက လက်ရှိအခြေအနေက စိုးရိမ်စရာကောင်းတယ်ပြောနေကြပေမဲ့လည်း ကျနော်တို့က အပြတ်အသတ် ပိုဆိုးလိမ့်မယ်လို့ ထင်မှန်းခဲ့ကြတာ။

သို့သော် O Estado de S. Paulo သတင်းစာကို တိတ်တဆိတ်ပြောခဲ့သော နောက်ကောင်စီအဖွဲ့ဝင် တစ်ဦး၏ အမြင်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ တရားရုံးသည် သတင်းတုများ၏ သက်ရောက်မှုကို လျှော့တွက်ခဲ့ပြီး ယခု “နောက်ကျကျန်ရစ်” နေပြီဟု ပြောခဲ့သည်။

ဤထုတ်ပြန်ချက်များကိုကြည့်ခြင်းအားဖြင့် ကောင်စီအတွင်း ဆင်ဆာဖြတ်တောက်မှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှစ်ခုကြားကို ညီမျှ,မျှတအောင် မည်ကဲ့သို့ ထိန်းသိမ်းနိုင်မည်နှင့် ပက်သက်၍ သဘောထားကွဲလွဲမှုရှိသည်ဟု ယူဆနိုင်ပါသည်။ ဇွန်လက ဆွေးနွေးပွဲ၌ ကောင်စီတွင် နေရာတစ်ခုယူထားသော ဘရာဇီး စုံစမ်းထောက်လှမ်းရေး အေဂျင်စီသည် အင်တာနက် အသုံးပြုသူများအား “ကာကွယ်ရေး” လေ့လာစောင့်ကြည့်မှု ပြုလုပ်ရမည်ဟု အကြံဉာဏ်ပြုခဲ့ရာ အခြား ကောင်စီအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။

တရားရုံး၏ လက်ရှိ ဥက္ကဌ Rosa Weber သည် အောက်တိုဘာ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ တရားရုံး တရားသူကြီးများက “သတင်းတု [fake news] ဆိုတာ ဘာလဲဆိုကို ကြိုးစားလေ့လာနေကြဆဲပဲ ရှိသေးတယ်” ဟု ပြောကြားခဲ့သည်။ သူ၏ မှတ်ချက်သည် မှားယွင်းသော သတင်းတင်ဆက်ခြင်းများနှင့် အတုလုပ်ထားသော ရုပ်သံပသာဒစုံ အကြောင်းအရာများ အွန်လိုင်း ဆက်သွယ်ရေး နေရာများကို စီးနင်းနေသော အမြန်နှုန်းတွင် ထောက်ပြနေသော်လည်း ရွေးကောက်ပွဲ တရားရုံးနှင့် ပြည်သူအများစုမှာတော့ ဒီပြဿနာကြီးကို အမှီလိုက်ရင် ကျိုးပန်းနေကြရသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.